
ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကြောင့် ရွှေဈေးကွက် မတည်ငြိမ်ဘဲ အတက်အကျဖြစ်နေပြီး ၂၀၂၅ မေ ၂၁ ရက်မှာ ကမ္ဘာရွှေဈေးက တအောင်စကို အမေရိကန် ဒေါ်လာ ၃၃၁၀ အထက်အထိ ထပ်မံမြင့်တက်လာပါတယ်။
ဒါ့ပြင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာလည်း မေ ၁၉ ရက်က တဒေါ်လာကို ၄,၄၀၀ ကျပ် ရှိနေရာက လက်ရှိမှာ တဒေါ်လာကို ၄,၄၃၀ ကျပ်မှာ ရောက်ရှိလာပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲလှယ်နှုန်း မြင့်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းကလည်း ဒီနေ့မှာ အခေါက်ရွှေတကျပ်သားကို ၇၆ သိန်းကျပ် ဝန်းကျင်ထိ ရောက်ရှိလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
မေ ၂၀ ရက် မနေ့က ပြည်တွင်းအခေါက်ရွှေဈေးဟာ တကျပ်သားကို ၇,၄၈၀,၀၀၀ ကျပ် ဝန်းကျင်မှာပဲ ရှိနေရာကနေ တရက်အတွင်း တကျပ်သားကို ၁ သိန်းကျပ် ဝန်းကျင် ပြန်လည်မြင့်တက်လာတာပါ။
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ကုန်သွယ်ရေး တင်းမာမှုတွေကြောင့် လက်ရှိမှာ ကမ္ဘာ့ရွှေဈေးက ဈေးအလှုပ်အခတ်များပြီး အတက်အကျ မြန်နေပါတယ်။ ပြီးခဲ့တဲ့ တလတာအတွင်းမှာပဲ အမြင့်ဆုံးဈေး အမေရိကန် ဒေါ်လာ ၃၅၀၀ ဝန်းကျင် ရောက်ရှိခဲ့ပြီး အနိမ့်ဆုံးဈေး ဒေါ်လာ ၃,၁၅၀ ဝန်းကျင်အထိ အကျရှိခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးရဲ့ သက်ရောက်မှုအရ မြန်မာရွှေဈေးဟာလည်း အတက်အကျ များခဲ့ပြီး ပြီးခဲ့တဲ့ တလတာအတွင်းမှာပဲ အမြင့်ဆုံးဈေး ၇၆ သိန်းကျော်ထိ ရှိခဲ့ပြီး အနိမ့်ဆုံးဈေး ၇၃ သိန်း ဝန်းကျင်အထိ ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ထုတ်ပြန်ထားတဲ့ ဈေးနှုန်းနဲ့ ပြင်ပဈေးနှုန်းကတော့ ကွာဟနေဆဲဖြစ်ပြီး YGEA ရဲ့ ဒီကနေ့ သတ်မှတ်ချက်ကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၅၇ သိန်းဝန်းကျင်မှာပဲ ရှိပါတယ်။