Home
ဆောင်းပါး
ငလျင်နောက်ပိုင်း နိုင်ငံစီးပွားရေး သရုပ်မှန်ကို လှစ်ဟပြခြင်း
DVB
·
May 13, 2025

နိုင်ငံအလယ်ပိုင်းတွင် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသော ငလျင်ဒဏ်ကြောင့် လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံပိုင်းများ ပျက်စီးသွားခဲ့၍ ယိုင်နဲ့နေပြီဖြစ်သော စီးပွားရေးအား ထပ်မံအလဲထိုးခံလိုက်ရသလို ဖြစ်လာခဲ့သည်ဟု ဟောင်ကောင်တွင် ထုတ်ဝေသော South China morning Post သတင်းစာက အသေးစိတ် လှစ်ဟ ရေးသားလာခဲ့သည်ကို ကောက်နုတ် တင်ပြလိုက်ရပါသည်။

နိုင်ငံများစွာမှ အရေးပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် အကူအညီများ ပေးလာသော်လည်း ရှေ့လျှောက် တိုင်းပြည်စီးပွား ကျဆင်းလာမှုကြောင့် အခက်အခဲများစွာ ရှိလာနေပြီ ဖြစ်သည်။

စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို ပြန်၍ သုံးသပ်နိုင်ခြင်း မရှိက ဆင်းရဲမှု၊ ငွေကြေးဖောင်းပွမှု၊ ပို့ကုန်များ ကျဆင်းလာမှု၊ စိုက်ပျိုးရေးကဏ္ဍ စွမ်းဆောင်ရည် နိမ့်ဆင်းသွားမှုများ အစရှိသည်တို့ကို နှစ်ပေါင်းများစွာ ခံရဖို့ရှိနေသည်။

အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်သာမက အထက်မြန်မာပြည်၏ စီးပွားရေး အသက်သွေးကြောကြီး ဖြစ်သော မန္တလေးရှိ ကုန်စည်ဖြန့်ဖြူးရာ Supply chain ထိခိုက်သွားခဲ့ရသည်။ မန္တလေးရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ငန်းများ ထောင်ချီရှိနေပြီး အတော်များများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည်။

ထို့အပြင် စစ်အုပ်စု ထိန်းချုပ်နယ်မြေများ အတွင်းနှင့် အပြင်တွင်လည်း လမ်း၊ တံတား၊ ဆက်သွယ်ရေးများ ပျက်စီးသွား၍ ကုန်တင်ကား အသေးစားများသာ သွားနိုင်တော့ပြီး မန္တလေး ဆိပ်ကမ်းသို့ ယာဉ်သွားယာဉ်လာများလည်း ပိတ်ဆို့သွားသည်။

ထို့အတွက် လယ်ယာထွက်ကုန်များ ပို့ဆောင် ဖြန့်ဖြူးနိုင်ရေးကို ထိခိုက်လာခဲ့သည်။ အညာဒေသတွင် ပဲမျိုးနွယ်၊ ပဲစိမ်း၊ ကုလားပဲ၊ နှမ်းများ မေလအတွင်း စိုက်ပျိုးကြရတော့မည် ဖြစ်သည်။

ယခုအခါ လယ်သမားများအဖို့ မျိုးစေ့များ ရရှိရေးအတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရပြီး အချိန်မီ မစိုက်ပျိုးနိုင်က ဝင်ငွေများ ထိခိုက်လာနိုင်သည်။

နေပြည်တော်တွင် အစိုးရရုံးဌာနပေါင်းများစွာ ထိခိုက်ပျက်စီးသွား၍ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာလာပြီ ဖြစ်သည်။ အဓိကအားဖြင့် လယ်ယာပို့ကုန်များအတွက် “စိတ်ချစွာ စားသုံးနိုင်သည်” ဆိုသော လက်မှတ်များ ထုတ်‌မပေးနိုင် ဖြစ်လာသည်။ စစ်အုပ်စုမှ စီးပွားရေးကို ဗဟိုမှ ချုပ်ကိုင်ထားပြန်သဖြင့် ကုန်သွယ်ရေးလိုင်စင် ချပေးနိုင်ရေးကို ထိခိုက်လာပြန်သည်။

နိုင်ငံ၏ စီးပွား‌ရေးစနစ်တခုလုံးနှင့် လူမှုစီးပွား‌ရေးကဏ္ဍများ ထိခိုက်လာမှုကြောင့် ဝင်ငွေများ ကျဆင်းလာမှုနှင့် ဆင်းရဲနွမ်းပါးမှုများ ထူပြောလာတော့မည် ဖြစ်သည်။ ပို့ကုန်များ ကျဆင်းလာ၍ ယခင်ကတည်းက လောက်လောက်ငငမရှိသော နိုင်ငံခြားငွေသည်လည်း ထပ်၍ လျော့နည်းလာဖို့သာ ရှိ၍ ငွေလဲနှုန်းသည်လည်း ကျဆင်းလာနိုင်သည်။ လက်ရှိတွင် ငလျင်ကြောင့် ရနေသော ပြည်ပအကူအညီများကြောင့် အနည်းငယ် ထေမိ‌နိုင်စရာ ရှိနေသည်။

စစ်ကောင်စီသည် ငွေလဲနှုန်းကို ပုံစံအမျိုးမျိုးနှင့် သတ်မှတ်လာနိုင်ပြီး ရနိုင်သည့် ‌နေရာများမှ နှိုက်ထုတ်လာနိုင်သည့်အန္တရာယ် ရှိနေသည်။ ထိုအခါတွင်တော့ လက်ရှိ လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများ ပိုမိုဆိုးဝါးလာနိုင်ပြီး အလုပ်လက်မဲ့များ ထူပြောလာမည် ဖြစ်သည်။

ငလျင်ဘေးမှ ပြန်လည်တည်ဆောက်ရန် ကုန်ပစ္စည်းများ ပို၍ တင်သွင်းဖို့ လိုအပ်လာသော်လည်း လက်ရှိ သွင်းကုန်များအပေါ် တင်းကျပ်စွာ ကန့်သတ်ထားနေခြင်းများကြောင့် နှောင့်နှေးဖို့သာ ရှိနေသည်။

ပြည်တွင်း အာမခံလုပ်ငန်းများလည်း လိုင်စင်သက်တမ်းတိုးဖို့ အခက်အခဲများ ကြုံနေရသည်။ စီးပွားရေးပိတ်ဆို့ခံထားရမှု၊ ငွေကြေးပိုင်းနှင့် နိုင်ငံတကာ အာမခံလုပ်ငန်းများ ရုပ်သိမ်းသွားခြင်း များကြောင့်ပင် ဖြစ်သည်။

လူထုသည် လူမှုစီးပွားရေးဒဏ်ကို ခါးစည်းခံနေရသည့်ကြားမှ ပြန်လည်တည်ဆောက်ရေးသည် ၎င်းတို့ပခုံးပေါ် ကျရောက်လာနေပြီ ဖြစ်သည်။ အာမခံကြေးသည်လည်း ငလျင်ဒဏ်ခံရသော ဒေသများအတွင်း နက်နက်ရှိုင်းရှိုင်း မထိုးဖောက်နိုင်၍ မဖြစ်စလောက်သာ ရနိုင်စရာ ရှိနေသည်။ စစ်အုပ်စုသည်လည်း စစ်စရိတ်များ ထောင်းနေ၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်ပေ။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ငလျင်ဒဏ် မခံရမီကပင် GDP ၏ ၅ ဒသမ ၄ ရာခိုင်နှုန်း လို‌ငွေပြနေပြီ ဖြစ်သည်။ လုပ်ငန်းများမှ အခွန်ဆောင်မှုသည်လည်း နည်းသည်ထက် နည်းလာနေပြီး ၂၀၂၁ မတိုင်မီက ၄၀ ရာခိုင်နှုန်းမှ ၂၀၂၄ တွင် ၂၁ ရာခိုင်နှုန်းသာ ရှိတော့သည်။ အခွန်မှ ဝင်ငွေသည် ၂၀၂၁ တွင် ကျပ်ငွေ ၈ ဒသမ ၆ ထရီလီယံမှ ၂၀၂၄ တွင် ၉ ဒသမ ၄ ထရီလီယံအထိ တိုးလာသည် ဆိုသော်လည်း ငွေကြေးဖောင်းပွလာခြင်းကြောင့် ဖြစ်သည်။ ယခုအခါတွင်တော့ ကျဆင်းလာဖို့သာ ရှိသည်။

စစ်အုပ်စုသည် ငွေချေးငှားဖို့တွင်လည်း အခက်အခဲများနှင့် ကြုံနေရပြီး ဖြစ်သည်။ အဓိကအားဖြင့် ဗဟိုဘဏ်မှ ထုတ်နုတ် သုံးစွဲနေရသည်။ နိုင်ငံတွင်းရှိ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၊ လူထုကလည်း ၎င်းတို့ ထုတ်ရောင်းသော ငွေချေးစာချုပ်များကို ဝယ်ယူမည့် အလားအလာ မရှိပေ။ အတိုးနှုန်းအား ၇ ဒသမ ၅ မှ ၈ ရာခိုင်နှုန်းအထိ ပေးထားသော်လည်း ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိ ရှိနေသော ငွေဖေါင်းပွမှုနှုန်းထက် များစွာ လျော့နည်းနေသောကြောင့် ဖြစ်သည်။ ၎င်းတို့အဖို့က ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဖို့သာ ရှိတော့သော်လည်း ထိုသို့လုပ်မည်ဆိုက ငွေဖောင်းပွမှုနှုန်း ထပ်မံမြင့်တက်လာပြီး အခြေအနေများ ပို၍ ဆိုးလာဖို့သာ ရှိသည်။

နိုင်ငံတကာမှ အကူအညီများ ရလာသော်လည်း တူရကီ-ဆီးရီးယား ငလျင်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ ရရှိခဲ့သည်နှင့်စာလျင် မဖြစ်စလောက်သာ ရှိသည်။ အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည်လည်း ၎င်းတို့နှင့် ဆက်ဆံရမည်ကို တွန့်ဆုတ်နေကြပြန်သည်။ ငွေလွှဲနှုန်းကို အဆင့်ဆင့် သတ်မှတ်ထားသည့်အတွက် ၎င်းတို့သာ အကျိုးများဖို့ ရှိနေသည်။ ငလျင်မတိုင်မီကပင် ချေးထားသော ငွေများ၏ ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် ချေးငွေများကို စစ်စရိတ်ထဲ ထည့်သုံးမည့်အရေးကို စိုးရိမ်မကင်းမှုများ ရှိနေကြသည်။

စစ်ကောင်စီသည် ဈေးနှုန်းများ ထိန်းချုပ်ထားမှု၊ လိုင်စင်ချထားပေးမှုနှင့် ငွေလဲနှုန်းအဆင့်ဆင့် သတ်မှတ်ပေးထားမှုများကို အပြောင်းအလဲများလုပ်မည် ဆိုလျင်ပင် ပြီးခဲ့သည့် ၅ နှစ်က အခြေအနေမျိုး မည်သို့မျှ ပြန်မရောက်နိုင်တော့ပေ။

လှစိုးဝေ

Ref: South China morning Post

-How Myanmar’s devastating earthquake threatens to leave a lasting economic scar 

By Jared Bissinger

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013