Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တိုက်ပွဲများ အင်္ဂပူနယ်စပ်အထိ ရောက်ရှိလာ
DVB
·
May 21, 2025

ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာလမ်း၊ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်ထဲကတိုက်ပွဲတွေဟာ အင်္ဂပူမြို့နယ်အစပ်က ပိန္နဲကွင်းနဲ့ ဘန့်ဘွေးကုန်းရွာဝန်းကျင်အထိ ရောက်ရှိလာပြီး လက်နက်ကြီးပစ်ခတ်သံတွေကို ညတိုင်းကြားနေရ ကြောင်း ဒေသခံတွေက ပြောပါတယ်။

အင်္ဂပူမြို့နယ်အစပ်မှာ ပြီးခဲ့တဲ့ မတ်လကတည်းက ထိတွေ့မှုတွေစဖြစ်ခဲ့ပေမဲ့ မေ ၁၅ ရက် တကျော့ပြန်တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အကြောင်း အင်္ဂပူဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

“ကွင်းကောက်နဲ့ နီးတဲ့ ပိန္နဲကွင်းတို့ ဒီဘက်တို့ကတော့ မကောင်းဘူး။ ညဘက်ဆို ညတိုင်းအသံတွေ ကြားနေရတယ်။ လေယာဉ်နဲ့လာလာချနေတဲ့အသံတွေက ညတိုင်းကြားရတယ်။ ညတုန်းကဆို တော်တော် ကျယ်လည်းကျယ်တယ်။ တော်တော်လေးလည်းနီးတော့ နီးလာပြီ။ ကွင်းကောက်က တချို့ကတော့ ကျန်တဲ့သူကလည်းကျန်တယ်။ ဒါပေမဲ့ ပြောင်းသွားတာတွေကများကုန်ပြီ။ ဟိုရက်ကတော့ ပန်းတောကြီးရွာကို ဗုံးကြဲတာ ပန်းတောကြီးရွာကတော့ ဘာမှမရှိတော့ဘူး အကုန်လုံးကုန်ပြီ။”

တိုက်ပွဲဖြစ်ပွားရာဝန်းကျင်နေရာတွေမှာရှိပြီး ပုသိမ်-မုံရွာလမ်းဘေးဝန်းကျင်က ရွာတွေဖြစ်ကြတဲ့ ချင်ကိုက်ကွင်း၊ ဘဲ့ပြားကုန်း၊ စာစီကုန်း၊ ဘန့်ဘွေးကုန်း၊ ပိန္နဲကွင်း၊ ပန်းတောကြီး ကျေးရွာတွေကဒေသခံတွေလည်း ရွာလုံးကျွတ် စစ်ရှောင်နေရကြောင်း သိရပါတယ်။

အခုနောက်ဆုံး တိုက်ပွဲသံတွေကြားနေရတဲ့ ပိန္နဲကွင်းနဲ့ ဘန့်ဘွေးကုန်းရွာတွေကနေဆို ကွင်းကော်ကို ၇ မိုင်ဝန်းကျင်၊ ပုသိမ်-မုံရွာလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၅ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်းကိုဆို ၈ မိုင်ဝန်းကျင်သာ ကွာဝေးတော့တာ ဖြစ်ပါတယ်။

စစ်ရေးလေ့လာသူ CDM  ဗိုလ်ကြီးဇင်ယော်က “ကွင်းကောက်ဘက်မှာတော့ ကျနော်တို့ ဘန့်ဘွေးကုန်းရဲ့ ဒီဘက်မှာပေါ့နော် ဘန့်ဘွေးကုန်းအထက်ဘက်မှာ တိုက်ပွဲရှိနေတယ်။ တတက ၅ ပေါ့နော်။ ကွင်းကောက်အခြေစိုက်တဲ့ အမှတ် ၅ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေ စစ်ကူတွေပို့နေရတဲ့ အနေအထားတော့ရှိတယ်။ အဲဘက်မှာလည်း စစ်ကောင်စီ တတက ၅ ကအဖွဲ့တွေ နည်းနည်း အရေးနိမ့်နေတဲ့ပုံစံလို့တော့ ကြားသိရပါတယ်”လို့ ပြောပါတယ်။

ဒါအပြင်စစ်ကောင်စီတပ်ဟာ ရေကြည်မြို့နယ်အခြေစိုက် အမတ ၃၄၄ ကနေလည်း တိုက်ပွဲဖြစ်ရာဒေသတွေဘက်ကို တပ်အင်အားတွေ ပို့လွတ်နေတာရှိကြောင်း ရေကြည် ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဒီနေ့က အမြောက်တပ်က ဘယ်ကိုသွားလှမ်းပစ်နေလဲတော့မသိဘူးပေါ့။ ပစ်ကူပေးနေတာတော့ ကြားရတယ်။ ၃၄၄ ကတော့ လက်ရှိမှာတော့ငြိမ်နေတယ်။ စစ်သားတွေကတော့ သူတို့ပုံမှန်အတိုင်း မဟုတ်ချင်တောင်မှ ၃ ပုံ ၁ ပုံလောက်တော့ ကျန်ဦးမယ်ထင်တာပဲ။ ကျန်တဲ့ဟာတွေက သူတို့ ဒါ အဲဒီ တိုက်ပွဲဖြစ်နေတော့ အဲဒီဘက်အခြမ်းကို ပို့ထားတာပေါ့။ လက်ရှိမှာက ဒီဘက်မှာတော့ ငြိမ်နေတာ အဲဘက်မှာကတော့ ဗုံးကြဲတာတို့ တိုက်ပွဲဖြစ်တာတို့ အဲလိုမျိုးတွေတော့ ပုံဖော်နေတာတော့ ရှိတယ်။”

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ပါဝင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အသေးစိတ်ကို မသိရသေးပါဘူ။

ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားတာထက် စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ ဒရုန်း၊ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် တိမ်းရှောင်ရတာဖြစ်ကြောင်းပြောသလို ရေနံ့သာဂိတ်ကနေလည်း ဆန်၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းအပါအဝင် ကုန်အဝင်၊ အထွက်တွေကို ကန့်သတ်နေကြောင်း ဆိုပါတယ်။

ဧရာဝတီ PDF ရဲ့ အမှတ်၂၉ ဗျူဟာကတော့ ပြီးခဲ့တဲ့ မေလ ပထမ အပတ်ထိ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် လေးမျက်နှာ၊ အင်္ဂပူနဲ့ ရေကြည်မြို့နယ်တွေထဲက အရပ်သား ၉ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရကာ အိမ်ခြေပေါင်း ၁၀၀ ဝန်းကျင်အထိ ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013