Home
မြန်မာသတင်း
ပြည်ပဈေးကွက် ပျက်နေသဖြင့် ဧရာဝတီတိုင်းထွက် စိန်တလုံးသရက် ဈေးကောင်းမရဖြစ်နေ
DVB
·
May 21, 2025
Photo: KKL

ဧရာ၀တီတိုင်းက ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် စိန်တလုံး သရက်သီးတွေ ပြည်ပဈေးကွက်ကို တင်ပို့ မရောင်းချနိုင်တာကြောင့် ဈေးကောင်းမရ ဖြစ်နေတယ်လို့ သရက်ခြံလုပ်ငန်းရှင်တွေနဲ့ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

အရင်က ဧရာဝတီတိုင်းက စိန်တလုံးသီးတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်ပဈေးကွက် ပျက်ပြီး တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးတာနဲ့ တင်ပို့တဲ့အခါမှာလည်း တရုတ်ဈေးကွက်တခုတည်းကို အကန့်အသတ်နဲ့သာ တဖက်ဈေးကွက်က လိုသလောက်ပဲ တင်ပို့နေရတာကြောင့် ဈေးကောင်းမရ ဖြစ်နေတာလို့ သိရပါတယ်။

ပန်းတနော်မြို့နယ်က စိန်တလုံးသရက်ခြံ လုပ်ငန်းရှင်တယောက်က “စိန်တလုံး သရက်ဈေးကွက်က တော်တော်လေး ထိုးကျနေတယ်။ အခုက ပြည်တွင်းဈေးကွက်တခုပဲ ရှိတော့ ဈေးကျတာပေါ့။ ပြည်တွင်းဈေးကွက်တခုတည်းနဲ့ ဘာမှ လုပ်မရဘူး။ ပြည်တွင်းဈေးကွက်ကလည်း ၅၀ ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ် ဖြစ်တယ်။ ပြည်ပဈေးကွက်ကို လုံးဝမတင်ပို့နိုင်တာ” လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာ စိန်တလုံး သရက်ဈေးအနေနဲ့ အရင်က ၁၆ ကီလို တခြင်းကို ငွေကျပ် ၆၅,၀၀၀ ကနေ ၇၅,၀၀၀ အထိ ဈေးရှိခဲ့ပြီး လက်ရှိမှာတော့ စိန်တလုံးသရက် ၁၆ ကီလို တခြင်းကို ငွေကျပ် ၄၅,၀၀၀ အထိသာ ဈေးရှိတော့တယ်လို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်က သရက်သီး ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “စိန်တလုံးသရက်က ခြံဖြတ်စနစ်နဲ့ ဝယ်လုပ်ရတာ။ သရက်ဈေးကွက်က ပျက်နေတော့ လုပ်လို့ကိုင်လို့ အဆင်ပြေဘူး။ ပိုးကျ ပျက်စီးလို့ ဆုံးရှုံးရတာနဲ့ ဈေးမရတာနဲ့ အမျိုးမျိုးပဲ။ ဈေးက ကောင်းကောင်းမရတဲ့အပြင် အခုနှစ် သရက်ရာသီမှာ ခြံဖြတ်စနစ်နဲ့ ဝယ်ထားတာတွေ အရင်းအနှီးအတွက် ပြန်ရဖို့ မနည်းလုပ်နေရတယ်။ အထွက်နည်းတော့လေ။ ဟိုးအရင်နှစ်တွေကလောက်ကို အလုပ်လုပ်ရတာ အဆင်ပြေဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စိန်တလုံးသရက် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကို ဝါးခယ်မ၊ ဖျာပုံမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ဇလွန် စတဲ့ မြို့နယ်တွေက အဓိကလုပ်ကိုင်ကြတာလို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက သရက်စိုက်ပျိုးရေး လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကောင်းမရ ဖြစ်နေတဲ့အပြင် အစာဖိုး၊ ဆေးဖိုးတွေ ကုန်ကျမှုများလာလို့ အသီးတင်ဖို့ ကျွေးရတဲ့ သွင်းအားစုစရိတ်တွေ အဆမတန် ဈေးထိုးတက်နေတာကြောင့် အရင်လို အသုံးမပြုနိုင်တာကြောင့် သရက်သီးအထွက်နှုန်းတွေလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013