Home
မြန်မာသတင်း
ရခိုင်နှင့် ဧရာဝတီတိုင်းနယ်စပ်တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေ
DVB
·
May 20, 2025
Photo: BB

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း အစပ်က တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စက်သုံးဆီဈေးနှုန်း တလီတာကို ကျပ် ၇,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း စတဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ လက်ရှိ စက်သုံးဆီ တလီတာကို ကျပ် ၇,၀၀၀ အထိ ဈေးတက်လာပြီး တိုက်ပွဲတွေမဖြစ်ခင်က စက်သုံးဆီ တလီတာ ကျပ် ၃,၀၀၀ ဝန်းကျင်အထိသာ ဈေးရှိတယ်လို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ်က ဒေသခံတယောက်က “တိုက်ပွဲကြောင့်မဟုတ်ဘူး။ အဓိက စက်သုံးဆီနဲ့ စားသောက်ကုန်တွေကို ဒီဘက်ကို သယ်ယူခွင့် စစ်ကောင်စီက ကန့်သတ်ထားတော့ ဒီဘက်မှာ ဈေးထိုးတက်နေတာ” လို့ ပြောပါတယ်။

လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း စတဲ့ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ လက်ရှိ စက်သုံးဆီတလီတာကို ကျပ် ၇,၀၀၀ အထိ ဈေးတက်လာတဲ့အပြင် လိုသလောက်မရ ဖြစ်နေပြီး ရေသန့်ဘူးနဲ့ရောင်းတဲ့ အရပ်ထဲကဆိုင်တွေမှာသာ ဝယ်နေရတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့ခံ လုပ်ငန်းရှင်တယောက်က “ငါးသိုင်းချောင်းမြို့အထွက် ပုသိမ်-မုံရွာလမ်းနဲ့ ငါးသိုင်းချောင်း-ဂွ လမ်းဆုံမှာရှိတဲ့ ရေနံသာဂိတ်မှာ ကုန်စည်သယ်ယူတာကို နေ့တိုင်း စစ်ဆေးပြီး ပိတ်ထားတာ။ တဖက်ကို ကုန်စည်မရောက်အောင် တားမြစ်ထားတာပေါ့။ လေးမျက်နှာဘက်က ရွာတွေကိုလည်း အပြင်ထွက်ခွင့် ပိတ်ထားတာ။ သာပေါင်းကနေ တိုက်ပွဲရှိတဲ့ဘက် ဘာမှသယ်ခွင့်မပေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်ရှိ ၃၄၄ အမြောက်တပ်အနီး၊ သာပေါင်းမြို့နယ်က ရခိုင်ရိုးမအစပ် ကျေးရွာတွေနဲ့ လေးမျက်နှာမြို့နယ်က ပန်းတောကြီး၊ ဘဲပြာ စတဲ့နေရာတွေမှာ အခု မေလ ပထမအပတ်က စတင်ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် လတ်တလောအနေနဲ့ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့က မိုင် ၅၀ ကျော်သာ ကွာဝေးပြီး လက်ရှိ ငါးသိုင်းချောင်းမြို့က စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ အနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013