Home
မြန်မာသတင်း
ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်၌ ပြင်းအား ၅ ဒသမ ၁ ရှိ ငလျင်လှုပ်
DVB
·
May 19, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရဲ့ တောင်ဘက် ၂၉ မိုင်အကွာ ပင်လယ်ပြင်မှာ အနက် ၂၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁  ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြေငလျင်ဟာ မေ ၁၉ ရက် မနက် ၁ နာရီ ၄၅ မိနစ်မှာ ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာလည်း ငလျင်လှုပ်ခတ်မှုကို ကြုံလိုက်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က “ညအိပ်နေချိန်မှာ ငလျင်လှုပ်ခတ်သွားတာ။ အိမ်တွေတောင် အတော်လှုပ်ခတ်သွားတယ်။ ပျက်စီးမှုတော့မရှိဘူး။ ညအချိန်ဆိုတော့ လူတွေက ရုတ်ရုတ်သဲသဲ ဖြစ်ကြတာတော့ မရှိဘူး။ ပင်လယ်ပြင်ကို ဗဟိုပြု လှုပ်ခတ်သွားတာဆိုတော့ စိုးရိမ်မှုတော့ ရှိနေကြတယ်” လို့ ပြောပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး  ၇  ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်အဖြစ် နိုင်ငံတဝန်းမှာ ၁၇၈ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပင်လယ်ပြင်မှာ ၁၇၆၂ ခုနှစ်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ဖူးတာကြောင့် အခု ငလျင်လှုပ်ခတ်မှုဟာ သတိထားရမယ့် အနေအထားမှာ ရှိတယ်လို့လည်း ငလျင်ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013