Home
မြန်မာသတင်း
ရခိုင်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယက အကန့်အသတ်မရှိပိတ်
DVB
·
May 21, 2025

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို မေ ၁၆ ရက်ကစပြီး အိန္ဒိယနိုင်ငံဘက်က ပိတ်ပင်လိုက်တယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မြေအခွန်ဦးစီးဌာနရဲ့ မေ ၁၆ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်စာမှာ အိန္ဒိယနိုင်ငံဘက်က ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံဘက်ကို တင်သွင်းနေကြတာတွေကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီး လိုက်နာမှုမရှိတဲ့ ကုန်သည်တွေကိုလည်း ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလို ထုတ်ပြန်ချက်တွေကြောင့် မီဇိုရမ်ပြည်နယ်ရောက် ရခိုင်က ကုန်သည်တွေဟာ ကုန်စည်သယ်ယူခွင့်မရဘဲ ပိတ်မိနေကြသလို ရခိုင်ပြည်နယ်မှာလည်း ကုန်စည်ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကိုတော့ အိန္ဒိယဘက်က မေလ ၁၆ ရက်နေ့ကတည်းက ပိတ်လိုက်တာ။ အဓိကတော့ လောင်တလိုင်ခရိုင်က ပိတ်လိုက်တာ။ ဘယ်ကုန်စည်ကိုမှ ဖြတ်သန်းသွားလာခွင့် မပြုထားဘူး။ ကုန်သည်တွေလည်း အိန္ဒိယဘက်မှာ ပိတ်မိနေကြတယ်။ လူတွေ သွားမရတာတော့ မဟုတ်ဘူး။ ကုန်စည်သယ်ခွင့် မရတာကြောင့် ရခိုင်ကို မသွားကြတာ။ ဘယ်လောက်ပိတ်တယ် ဆိုတာတော့ အကန့်အသတ်မရှိဘူး။ ဒီအတိုင်းသာ ဆက်ပိတ်ထားမယ် ဆိုရင် ရခိုင်ဘက်မှာ ကုန်စည်ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်။”

ရခိုင်ပြည်နယ်ဟာ တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်းမှုအားလုံးကို ပိတ်ဆို့ထားတာကြောင့် အိန္ဒိယဘက်က စားသောက်ကုန်စည်တွေ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အဓိက မှီခိုနေကြရတာလည်း ဖြစ်ပါတယ်။

အိန္ဒိယ-ပါကစ္စတန် အရေးအခင်းတွေကြောင့် လောင်တလိုင်ခရိုင်ဘက်က စားသောက်ကုန်စည်တွေနဲ့ ဆေးဝါး၊ စက်သုံးဆီတွေ ပြတ်လပ်သွားမှုမရှိအောင်အတွက် နိုင်ငံခြားကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို ယာယီပိတ်ထားတဲ့သဘော ဖြစ်တယ်လို့ လောင်တလိုင်ခရိုင်မှာ အခြေချ နေထိုင်တဲ့ ရခိုင်ကုန်သည် နောက်တယောက်က ပြောပါတယ်။

“အဓိက ပိတ်တာကတော့ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲကြောင့် သူတို့ရဲ့ နိုင်ငံအတွင်းမှာ စားသောက်ကုန်စည်တွေနဲ့ ဆေးဝါးတွေ ပြတ်လပ်မသွားအောင်ဆိုပြီး နိုင်ငံခြားကို တင်ပို့နေတဲ့ ကုန်စည်တွေကို ရပ်တန့်လိုက်တာ ဖြစ်တယ်။ ရက်ကတော့ အကန့်အသတ်မရှိဘူး။ အခု အိန္ဒိယ-ပါကစ္စတန် စစ်ပွဲလည်း ရပ်သွားပြီဆိုတော့ မကြာခင်မှာ ပုံမှန်အတိုင်း ပြန်ဖွင့်ဖို့ မျှော်လင့်တာပေါ့။ မဟုတ်ရင် ရခိုင်ဘက်မှာ ကုန်စည်ဈေးတွေ မြင့်တက်ပြီးတော့ ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်နိုင်တယ်။”

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းကာလကတည်းက ကုန်သွယ်နေကြတာဖြစ်ပြီး အရင်ကလည်း လောင်တလိုင်ဘက်က မကြာခဏဆိုသလို ပိတ်ဆို့မှုတွေကို ပြုလုပ်လေ့ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားသောက်ကုန်စည်တွေ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က တင်သွင်းနေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013