Home
မြန်မာသတင်း
ဖယ်ခုံအရှေ့ခြမ်းကိုပြန်ရရန် စစ်ကောင်စီတပ်က အသေခံကွန်မန်ဒိုများအသုံးပြု စစ်ကြောင်းထိုးနေ 
DVB
·
May 19, 2025

ရှမ်းပြည်နယ်၊ ဖယ်ခုံအရှေ့ဘက်ခြမ်းက လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်က  အသေခံကွန်မိုဒိုတပ်သားတွေ အသုံးပြုပြီး စစ်ကြောင်းထိုးလာနေတယ်လို့ လက်ရှိရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့  အင်းလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က  ပြောပါတယ်။ 

ဖယ်ခုံအရှေ့ဘက်ခြမ်းက တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်က ဒီလအတွင်းမှာ လေကြောင်းကနေရော မြေပြင်ကနေပါ PNO ပြည်သူ့စစ် တပ်တွေနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးလာနေတာပါ။

မေ ၁၃ ရက်က ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ပျားစစ်ကြောင်း အင်းလေး PDF (၁၀၀၉ တပ်ရင်း)၊ ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အရှင် ၃ ယောက် မိထားတယ်လို့ ပျားစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထူးသင်တန်းပေး လေ့ကျင့်ထားတဲ့ အသေခံ ကွန်မန်ဒိုတပ်သားတွေကို အသေရော အရှင်ပါ ဖမ်းမိထားတဲ့အပြင် တိုက်ခိုက်ရေးဒရုန်းကြီး ၂ စီးကို Jammer Gun  နဲ့ တော်လှန်ရေး တပ်ပေါင်းစုဘက်က ပစ်ချနိုင်ခဲ့ကာ MA3 သေနတ် ၃ လက်၊ MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။

အင်းလေး PDF ပြောရေးဆိုခွင့်ရှိသူက “အဲဒီမှာပါလာတဲ့ PNO စစ်သားတွေက ကွန်မန်ဒိုသင်တန်းဆင်းလို့ ပြောလို့ရတဲ့ စစ်သားတွေ ပါတယ်ပေါ့။ အဲဒါကို ဘယ်လိုလုပ်သိလဲဆိုတော့ သူတို့က တိုက်ပွဲဖြစ်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ ကွန်မန်ဒိုသင်တန်းဆင်းတွေ၊ အသေခံတပ်သားတွေလို့ အော်ပြီး ပအိုးဝ်ဘာသာနဲ့ ပြောပြီး တက်လာတာပေါ့။ ဒီတခေါက် ကျနော်တို့ မိထားတာက အရှေ့ပိုင်းတိုင်းက ကျိုင်းတုံအခြေစိုက်တဲ့ တြိဂံတိုင်း စစ်တိုင်းကပေါ့၊ ၃ ယောက် မိထားတယ်။ သူတို့ တာဝန်ထမ်းဆောင်သက်က ၂၀ ကျော်၊ တပ်ကြပ်တယောက် ပါတယ်။ ပြီးတော့ သုံးနှစ် လေးနှစ်ကျော်က နှစ်ယောက်ပေါ့နော်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားခဲ့တဲ့ စစ်ကောင်စီဟာ ညောင်ရွှေမြို့နယ်၊ စွန့်စွဲကျေးရွာထဲက လူထုနေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ ၁ ကလည်း ထုတ်ပြန်ထားပါတယ်။

မေ ၁၄ ရက်ကလည်း မိုးဗြဲမြို့ကိုထိုးလာတဲ့ စကစစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့ရာ အဲဒီစစ်ကြောင်းက ခမရ ၄၂၂ ထဲကို ပြန်ဆုတ်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို အလွန်အကျွံ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မိုးဗြဲမှာ ဒီရက်အတွင်း တိုက်ပွဲတွေငြိမ်နေပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့ ရှမ်းတောင်စစ်ဒေသဗျူဟာ ၁ က DVB ကို ပြောပါတယ်။

“မိုးဗြဲမှာ လောလောဆယ် တည်ငြိမ်နေတယ်၊ တိုက်ပွဲမဖြစ်သေးဘူး။ (--)တပ်ကတော့ သူတို့ထုံးစံအတိုင်း လက်နက်ကြီးနဲ့ပစ်နေတယ်၊ အဲ့လောက်တော့ရှိတယ်။”

မိုးဗြဲကိုပြန်ရဖို့အတွက် စစ်ကောင်စီဘက်က ဧပြီလထဲက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းက ရေပူ၊ တောင်ပို့ကွဲ၊ ဘုရားတောင် ကျေးရွာတွေကို လေကြောင်းကနေရော လက်နက်ကြီးတွေနဲ့အပြင် အသေခံကွန်မန်ဒိုတပ်သားတွေပါ သုံးပြီး စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေး တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013