Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က ဆေးရုံနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်
DVB
·
May 19, 2025

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းနဲ့ အဓိကပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ KNU မြိတ်-ထားဝယ် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

မေ ၁၅ ရက် နေ့လယ် ၁၂ နာရီမှာ ပုလောမြို့နယ်၊ ဇာဒီဝင်းရွာဆေးခန်းနဲ့ နေ့လယ် ၂ နာရီလောက်မှာ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ပေါ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ခွဲ့တခုရဲ့စခန်းကို  စစ်ကောင်စီလေတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

KNU မြိတ်-ထားဝယ်အတွင်းရေးမှူး ပဒိုစောအယ်နားက “စကစက သူတို့နောက်ဆုံး လုပ်ဆောင်နိုင်တာကတော့ လေယာဥ်ခြိမ်းခြောက်မှုတခုပဲ လုပ်ဆောင်နိုင်တယ်။ ကျနော်တို့ တော်လှန်ရေးအခြေစိုက်တဲ့နေရာကို ပစ်မှတ်လုပ်တယ်။ အဲဒါထက်မက ရွာသူရွာသားတွေသုံးတဲ့ နေရာတွေပေါ့နော်။ အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းတွေ၊ ကျောင်းတွေ၊ ရွာတွေကတော့ သူတို့ကို ဘာမှမဆိုင်ဘဲနဲ့ ဗုံးကြဲတာရှိတယ်။ သူတို့က ပြည်သူလူထုကို ကြောက်ရွံ့ဖို့အတွက် ဒီနည်းကိုသုံးတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထု ကြောက်ရွံ့မှ သူတို့အောင်မြင်မှုလို့ ခံစားတာပေါ့။ ပြည်သူသော်လည်းကောင်း၊ တော်လှန်ရေးအဖွဲ့အစည်းသော်လည်းကောင်း အဲဒီ သတိတော့ ထားနေရမယ်။ စကစက ဒီလိုမျိုးနည်းလမ်းနဲ့ အရပ်သားရှိတဲ့နေရာတွေကို ဗုံးကြဲတာကတော့ လူအခွင့်အရေးချိုးဖောက်တာမကဘဲနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကျနော်တို့ မှတ်ချက်ပေးတာပေါ့နော်” လို့ ပြောပါတယ်။

ဒါ့အပြင် မေ ၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဇရပ်ဆိပ်ရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရှိ ရဲဘော်တယောက်က ပြောပါတယ်။

“ဆေးရုံ၊ ဆေးခန်း စာသင်ကျောင်းတွေကို ထီးထ၊ ထီးခီးတို့ ဒီတပ်မဟာနယ်မြေမှာ စခန်းတွေ တိုက်နေတဲ့ ကာလမှာတော့ သူတို့ နည်းနည်းပစ်မှတ်ထားတယ်။ ထီးခီးသိမ်းပြီးမှ ဒီဘက်မှာ အဓိကဆေးရုံတွေကို ပစ်မှတ်ထားပြီး လိုက်ကြဲတယ်။ အစကတော့ ရှုပ်ပုံဘက်မှာ အနည်းအကျဥ်း ကြဲတာတွေ ရှိတယ်။ ၁၂၀ ဗုံးသီးတွေနဲ့၊ အခုတော့ ပေါင် ၅၀၀ ဗုံးသီးနဲ့ ကြဲတာတွေက ဆေးရုံတွေကို ပစ်မှတ်ထားတယ်။ ဒီထီးခီးပြီးမှ ပစ်မှတ်ထားတာရှိတယ်” လို့ ပြောပါတယ်။

မေ ၉ ရက်မှာ ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတခုဖြစ်တဲ့ ထီးခီးနယ်စပ်စခန်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013