Home
မြန်မာသတင်း
တနင်္သာရီ ကျေးရွာများသို့ အသား၊ ငါး သယ်ခွင့် ပိတ်ထားသဖြင့် ဒေသခံများအခက်ကြုံ
DVB
·
May 19, 2025

မြိတ်-တနင်္သာရီ ကားလမ်းပေါ်က စစ်ဆေးရေးဂိတ်တွေမှာ အသား ငါး သယ်ယူခွင့် ပိတ်ပြီးနောက် တနင်္သာရီမြို့နယ်က ကျေးရွာတွေမှာ အသား၊ ငါးဈေး တက်လာပြီး ဝယ်ယူရတာ အခက်အခဲ ရှိလာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မြိတ်မြို့နယ်အလွန် ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်ကနေ တနင်္သာရီမြို့နယ်ဘက်ကို မေ ၉ ရက်ကစပြီး အသား၊ ငါး သယ်ယူခွင့် ၃ လ ပိတ်လိုက်ပြီးနောက် ကျေးရွာတွေဘက်ကို အသားလာရောင်းတဲ့ စျေးကားတွေ မလာတော့တာကြောင့် ကျေးရွာတချို့မှာ အသား၊ ငါးတွေ ဈေးတက်လာတယ်လို့ ထုံနွယ်ရွာခံတယောက်က ပြောပါတယ်။

“အသားတွေစားချင်ရင် တနင်္သာရီမြို့ပေါ်မှာ သွားဝယ်စားရတယ်။ ကြက်ခြံတွေ ရှိတယ်၊ ဝက်တွေလည်း မွေးတော့ အသားလုံးဝမရှိတော့တာ မဟုတ်ပေမဲ့ ဈေးတော့ ကြီးလာတယ်။ ကြက်တွေ၊ ဝက်တွေဆို မြို့ပေါ်မှာ တပိဿာကို ၃၀,၀၀၀ လောက်ရှိတယ်။ မော်တုန်းဘက်မှာ ကြက်ခြံရှိတော့ အကောင်လိုက်သွားဝယ်ရင် ၂၀,၀၀၀ လောက်ပဲရှိတယ်။”

လက်ရှိ တနင်္သာရီမြို့ပေါ်မှာ ကြက်၊ ဝက် ဈေးနှုန်းတွေ တက်လာပြီး တပိဿာကို ကျပ် ၃၀,၀၀၀ နီးပါးလောက် ပေးဝယ်နေရပြီး အသား ငါး မပိတ်ခင်က တပိဿာ ကျပ် ၂၀,၀၀၀ ကျော်လောက်သာ ပေးရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

‌တနင်္သာရီမြို့ပေါ်မှာ သွားရောက်ဝယ်ယူရင် ခရီးစရိတ်အပြင် အသားဈေးနှုန်းတွေ များပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်တဲ့ မော်တုန်းကျေးရွာမှာတော့ အသား ငါး ဈေးနှုန်းတွေ အနည်းငယ် သက်သာတယ်လို့ မော်တုန်းရွာခံတယောက်က ပြောပါတယ်။

“အဓိက ရွာမှာမရတာ ငါးတွေပေါ့။ မြိတ်ကနေ ငါးရောင်းတဲ့ကားတွေ မလာတာ ၁၅ ရက်လောက် ရှိပြီ။ အသားကတော့ ရွာမှာ မွေးမြူပြီး ရောင်းချနေတော့ အဆင်ပြေတယ်၊ တခြားရွာမှာ သွားရောင်းရင်တော့ ဈေးတက်သွားတယ်။”

စစ်ကောင်စီက တနင်္သာရီ-မောတောင် ကားလမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ပြီးနောက်ပိုင်း ကျေးရွာဒေသတွေကို စားနပ်ရိက္ခာတွေ ဖြတ်တောက်ပစ်လာတာဖြစ်ပြီး ရေရှည်မှာ ကျေးရွာနေ ပြည်သူတွေအတွက် နေထိုင်စားသောက်ရတာ ပိုမိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် အစောပိုင်းကစပြီး မြိတ်မြို့နယ် ကြေးနန်းတိုင်စစ်ဆေး‌ရေးဂိတ်မှာ ရိက္ခာတင်ဆောင်တဲ့ ကားတွေကို ပိုမိုစစ်ဆေးလာပြီး ကားသမားတွေလည်း ဖမ်းဆီးခံရတာ ပိုများလာတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013