Home
မြန်မာသတင်း
ခွင့်ပြန်လုပ်သားနှင့်ပြည်ပထွက်မည့်သူများကို စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် ကန့်သတ်နေ
DVB
·
May 17, 2025

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ပြည်ပကို လုပ်သားအသစ်တွေ သွားရောက်တာ ကန့်သတ်နေသလို ပြည်ပကနေ ခွင့်နဲ့ပြန်လာသူတွေကိုပါ ထိန်းချုပ် ကန့်သတ်တာတွေကြောင့် ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေ အခက်တွေ့နေကြပါတယ်။

အထူးသဖြင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် OWIC ကတ် ထုတ်ပေးတာကို ကန့်သတ်တာနဲ့ အချိန်ကြန့်ကြာတာတွေကြောင့် ပြည်ပထွက်မယ့်သူတွေ အခက်တွေ့နေပြီး၊ ခွင့်ပြန်အလုပ်သမားတွေလည်း လုပ်ငန်းခွင် အချိန်မီ ပြန်ဝင်ဖို့ မမီတာကြောင့် အလုပ်ပြုတ်တာလည်း ကြုံနေရပါတယ်။  

ပြည်ပထွက်ခွာမယ့် မမီးမီး (အမည်လွှဲ) က “အသစ်လုပ်ခွင့်လည်း အခုချိန်ထိ မရသေးဘူး။ ဒါပေမဲ့ အပြင်မှာတော့ အေဂျင်စီက တဆင့် မဟုတ်ဘဲ ပွဲစားတွေကတော့ မိမိအစီအစဉ်နဲ့ မိမိ တင်လို့ရတယ်တော့ ပြောတယ်။ ခွင့်ပြန်တွေလည်း အပြင်ကနေ တင်လို့ရတဲ့လူ ရှိတယ်လို့ ပြောတယ်။ အပြင်မှာတော့ ညီမတို့ သူငယ်ချင်းတွေထဲမှာ ခွင့်နဲ့ ပြန်လာပြီး ပြန်ထွက်လို့ မရတော့တဲ့ သူတွေလည်း အများကြီးပဲ။ OWIC ကတ် လုပ်ခွင့် တင်လို့ မရသေးတဲ့သူတွေရော၊ ပွဲစားနဲ့ တင်ထားပြီး ကတ်ပြန်ကျမလာသေးလို့ ဟိုဘက်ကနေ အလုပ်ပြုတ်သွားတဲ့သူတွေလည်း အများကြီးရှိတယ်၊ နိုင်ငံပေါင်းစုံပေါ့။ ဟိုဘက်က သူဌေးက မစောင့်နိုင်တော့ဘူး။ ခွင့်ပြန်တာကို OWIC ကတ် မရလို့ သူဌေးက မစောင့်နိုင်လို့ အလုပ်ဖြုတ်ခံရသူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း အခုချိန်ထိ စောင့်နေဆဲ။ ညီမကတော့ ဂျပန်သွားမှာ အခုချိန်ထိ လုပ်လို့မရသေးဘူး” လို့ ပြောပါတယ်။   

စစ်ကောင်စီက ပြည်ပကို အလုပ်သမား စေလွှတ်တာနဲ့ ပတ်သက်လို့ အေဂျင်စီတွေကနေ သက်ဆိုင်ရာ နိုင်ငံတခုချင်းအလိုက် တလမှာ အလုပ်ခေါ်စာ တင်ရမယ့် ဦးရေကို မတ်လကစပြီး ကန့်သတ်ထားပါတယ်။

ပြည်တွင်းမှာ လုပ်သားအင်အား ရှားပါးမှု ရှိနေတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောထားပြီး ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေကို ကန့်သတ် ထိန်းချုပ်တာတွေ ပိုလုပ်လာတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။ 

ပြည်ပအလုပ်အကိုင် အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ပြည်ပ ထွက်မယ့် အလုပ်သမား အားလုံးပေါင်း ၄ သောင်းကျော် ၅ သောင်းနီးပါး ရှိတာမှာ အလုပ်သမားဝန်ကြီးသစ် တက်လာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်း ထွက်ခွင့် ပိတ်လိုက်တယ်။ အခုချိန်ထိ မဖွင့်ဘူး။ ဒါကြောင့် အလုပ်သမား တော်တော်များများ အောက်လမ်းက သွားကုန်ကြတယ်။ အခု အသက် ၁၈ ကနေ ၃၅ အထိ အမျိုးသားတွေ အလုပ်သွားလုပ်ခွင့် ကန့်သတ်ထားပြီး OWIC ကတ် ကျပြီးသားတွေလည်း ထွက်မရဘူး။ အေဂျင်စီတွေ အကုန်ဒုက္ခရောက်တယ်။ အလုပ်သမားတွေလည်း အကုန်ဒုက္ခရောက်တယ်။ ပိုက်ဆံတွေလည်း ချေပြီးသွားပြီ။ အကုန်လုံး မပဋာ မြေလူးဖြစ်နေပြီ။ ခွင့်ပြန် အလုပ်သမားတွေ ပြန်လွှတ်တာကိုလည်း လျှော့ထားတယ်” လို့ ပြောပါတယ်။

OWIC ကတ် ပြုလုပ်ခွင့် တင်ပြထားတာတွေကို မတ် ၂၀ ရက်ကစပြီး အစီအစဉ်လိုက် ပြုလုပ်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့ပေမဲ့ ပြုလုပ်ခွင့်ကို အလုပ်သမားအရေအတွက် အနည်းငယ်သာ ချပေးခဲ့ပါတယ်။

ပြည်ပကနေ ခွင့်ပြန် အလုပ်သမားတွေ ပြန်လည်ထွက်ခွာခွင့်မရလို့ အချိန်မီ လုပ်ငန်းခွင် မဝင်ရောက်နိုင်တာကြောင့် အလုပ်သမားအချို အလုပ်လက်မဲ့ ဖြစ်သွားသလို  လေယာဉ် လက်မှတ် အပါဝင် ငွေကြေးဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုနေကြပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013