Home
မြန်မာသတင်း
အိန္ဒိယက နယ်စပ် တံတားဖြတ်သန်းခွင့် ထပ်မံကန့်သတ်
DVB
·
January 7, 2025

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အိန္ဒိယအစိုးရဘက်က ထပ်မံကန့်သတ်လိုက်တဲ့အတွက် ကလေးငယ်တွေ ကျောင်းအသွားအလာ အဆင်မပြေဖြစ်မှာကို နယ်စပ်ဒေသမှာ နေထိုင်သူတွေ စိုးရိမ်နေကြပါတယ်။ 

ချင်းပြည်နယ် ရိခေါဒါရ်မြို့နဲ့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်ကို ဆက်သွယ်ထားတဲ့ အိန္ဒိယ-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတား နယ်စပ်ဖြတ်သန်းခွင့်ကို အိန္ဒိယအစိုးရဘက်က ကန့်သတ်လိုက်တဲ့အတွက် သွားရေးလာရေး အခက်အခဲဖြစ်မှာနဲ့ ကလေးငယ်တွေ ပညာရေးအတွက် နယ်စပ်ဒေသမှာနေထိုင်သူတွေ စိုးရိမ်နေကြပါတယ်။

အာသံရိုင်ဖယ် တပ်ဖွဲ့နဲ့ အိန္ဒိယ ဗဟို အစိုးရဘက်က ဇန်နဝါရီ ၂ ရက်ကစပြီး နယ်စပ်ဖြတ်သန်းခွင့် ကတ်ပြုလုပ်ကာ တံတားပေါ်မှသာ ဖြတ်သန်းဖို့ကို စတင်သတ်မှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဖြတ်သန်းမယ့်သူတွေရဲ့ လက်ဗွေနဲ့ မျက်လုံးစကန်တွေ ကောက်ယူသွားမယ်လို့ သိရပါတယ်။

မြန်မာဘက်ခြမ်း ကျေးရွာတွေကနေ ထောက်ခံစာယူကာ အိန္ဒိယဘက်က ဂိတ်မှာ ၇ ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့်ကတ်ပြုလုပ်ပြီးမှသာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ တံတားဖြတ်သန်းခွင့်ရရှိမှာဖြစ်ပါတယ်။

ဟွားငိုးဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်က “လက်ဗွေယူတယ်၊ မျက်စိကိုလည်း စကန်ဖတ်ယူပြီးမှ certificate တမျိုး သူတို့ ထုတ်ပေးတယ်၊ အဲ့ဒီပါမစ်က ၇ ရက်သက်တမ်းရှိတယ်၊ ၇ ရက်ပြည့်ပြီးမှ ပြန်ပြီး သက်တမ်းတိုးဖို့တော့ ပြောထားတာပေါ့နော်။ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ သူတို့ဂိတ်က ဖွင့်ထားတာရှိတယ်၊ ဂိတ်အဖွင့်အပိတ်ကိုတော့ ရဲတွေလက်ထဲမှာရှိတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်ပါမစ်ပေးတဲ့ အာသံရိုင်ဖယ်တွေက ဂိတ်သော့တွေကိုတော့ သူတို့မကိုင်ဘူး၊ မီဇိုရမ်တပ်ဖွဲ့ကပဲကိုင်တာ။ မနက် ၆ နာရီဆိုဖွင့်တယ်၊ ညနေပိုင်း ၆ နာရီဆို ပြန်ပိတ်တယ်‌ပေါ့နော်” လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားပြီး နယ်စပ်ဒေသက ကလေးငယ်တွေဟာ မီဇိုရမ်ပြည်နယ်ဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး ကျောင်းသွားတတ်ကြရတယ်လို့ သိရပါတယ်။

နေ့စဉ် နယ်စပ်ကို ဖြတ်ကျော်ကာ ကျောင်းတတ်နေကြရတဲ့ ကလေးငယ် ၅၀၀ ‌ကျော်ရှိပြီး အိန္ဒိယဘက်က နယ်စပ်အသွားအလာကို ကန့်သတ်လိုက်တဲ့အတွက် ကလေးတွေ ကျောင်းသွားရေးလာရေးအတွက် အဆင်မပြေမှာကို မိဘတွေက စိုးရိမ်နေကြပါတယ်။

ဒေသခံတယောက်က “ဒီဘက်မှာတက်လာတဲ့ ကျောင်းသားတွေမနည်းဘူး။ မြန်မာပြည်ဘက်ကလည်း ပညာရေးက စနစ်တကျ မလည်ပတ်နိုင်သေးဘူးဆိုတော့လေ ဒီဘက်ခြမ်း လာတက်တဲ့သူ အတော်များတယ်။ ‌‌ကျောင်းသားကျောင်းသူတွေကျတော့ ဖြတ်သန်းခွင့်ပြုမယ်လို့မျှော်လင့်တယ်။ ခက်တာက သူတို့ကို အကြိုအပို့ လုပ်တဲ့ မိဘတွေကျတော့ ခက်မှာဗျ။ မူလတန်းအရွယ်တွေဆိုတာက အကြိုအပို့လုပ်ရတာကိုး။ လုံးဝသူတို့ ခွင့်မပြုဘူးဆိုလည်း အိန္ဒိယဘက်ခြမ်းက ရောင်းရင်းတွေ ဆွေမျိုးတွေဆီကို ကလေးကို လွှဲထားခဲ့ပြီးမှ ကလေးကို လက်ဆင့်ကမ်းပြီးတော့၊ ကလေးတယောက် ကြိုပို့ဖို့အရေးကို ဟိုဘက်က လူကြီးတယောက် ဒီဘက်ကလူကြီးတယောက် မနက်ညနေ အမြဲတမ်းအချိန်ပေးရမယ့် သဘောရှိတယ်” လို့ ပြောပါတယ်။

နယ်စပ်ကနေ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ  အိန္ဒိနိုင်ငံအတွင်း နယ်စပ်ကနေ ၁၀ ကီလိုမီတာထက်မဝေးတဲ့ နေရာတွေကိုသာ သွားလာဖို့လည်း ကန့်သတ်ထားတယ်လို့ မြန်မာစစ်ဘေးရှောင်တွေက ပြောပါတယ်။

အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်‌ရေးကို ပိတ်ပင်ထားပြီး လက်ရှိမှာ တံတားဖြတ်သန်းသွားလာခွင့်ကိုလည်း ထပ်မံကန့်သတ်လိုက်တာဖြစ်ပါတယ်။

ဒေသခံတယောက်က “အခုက ကုန်ပစ္စည်းတော့ သိပ်မကန့်သတ်ဘူးရယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တင်းကျပ်တုန်းကတော့ ကုန်ပစ္စည်းကို အသားကုန်တင်းကျပ်ပြီး လူကို ကြိုက်သလို ကူးလို့ရတယ်။ အခုဟာက ကုန်ပစ္စည်းကို လွတ်လွတ်လပ်လပ်ကူးခွင့်ပြုတယ်၊ လူကို ပြန်ကန့်သတ်တယ်။ ကုန်ကူးဖို့ဆိုလည်း လူကသယ်ရတာကိုး။ တံတားပေါ်မှာဆိုတော့ ကွင်းလမ်းမှောင်ခိုလမ်း ကျတော့ လေးငါးခုလောက်ရှိတယ်။ အဲ့မှာလည်း သေနတ်နဲ့ အကုန်လုံး ရပ်စောင့်ထားတယ်ဆိုတော့ တံတားပေါ်ကနေပဲ တရားဝင် သယ်ခွင့်ပြုတော့တယ် အခုဟာက” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ကနေ မီဇိုရမ်ပြည်နယ်ဘက်ကို သွားရောက်စစ်ဘေး တိမ်းရှောင်နေကြရတဲ့ ပြည်သူ ၆ သောင်းကျော်ရှိပြီလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013