
အိန္ဒိယနိုင်ငံဟာ ဒီဇင်ဘာ ၃၀ ရက်က အမြွှာဂြိုဟ်တု ၂ စင်းကို အာကာသထဲ လွှတ်တင်ခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံး အာကာသတွင်း ချိတ်ဆက်ဆိုက်ကပ်မှု (docking) စမ်းသပ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အောင်မြင်ခဲ့ရင်တော့ အမေရိကန်၊ ရုရှားနဲ့ တရုတ် ပြီးရင် ကမ္ဘာမှာ ဒီနည်းပညာကို ပိုင်ဆိုင်ထားတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာပါ။
ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်ဖို့နဲ့ လပေါ်က မြေသားနမူနာတွေ ကမ္ဘာကို ပြန်သယ်ဖို့ ဆိုရင် ဒီနည်းပညာဟာ မရှိမဖြစ်လိုအပ်တာ ဖြစ်ပါတယ်။
အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ဟာ ဂြိုဟ်တုငယ် ၂ လုံးကို ပြည်တွင်းဖြစ် ဂြိုဟ်တုလွှတ်တင်ယာဉ်နဲ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
အခုစမ်းသပ်မှုမှာပါဝင်တဲ့ Target နဲ့ Chaser လို့ နာမည်ပေးထားတဲ့ ဂြိုဟ်တု ၂ လုံးဟာ ၂၂၀ ကီလိုဂရမ်စီ လေးလံပါတယ်။
ဆိုက်ကပ်မှုကိုတော့ ၂၀၂၅ အစောပိုင်းမှာ ပြုလုပ်ဖို့ မျှော်မှန်းထားပြီး ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၄၇၀ အမြင့် ကမ္ဘာပတ်လမ်းထဲမှာ ချိတ်ဆက်မှာဖြစ်ပါတယ်။
အလိုအလျောက် ချိတ်ဆက်လိုက်တဲ့ ဂြိုဟ်တု ၂ လုံးအကြား လျှပ်စစ်ဓာတ်အားလွှဲပြောင်းမှုကိုပါ စမ်းသပ်မှာဖြစ်ပါတယ်။
အလိုအလျောက် ချိတ်ဆက်ဆိုက်ကပ်မှု နည်းပညာ စမ်းသပ်မှု အောင်မြင်ပြီးရင် စမ်းသပ်မှု ၂၄ မျိုးကိုလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယဟာ လရဲ့ တောင်ဝင်ရိုးစွန်းက မြေသားနမူနာတွေကို ကမ္ဘာမြေ ပြန်လည်ယူဆောင်လာမယ့် (လသွားယာဉ်လို့ အဓိပ္ပာယ်ရတဲ့) စန္ဒာယာန-၄ မစ်ရှင်အတွက် အခုဆိုက်ကပ်နည်းပညာ စမ်းသပ်မှုက အရေးပါတဲ့အဆင့်တဆင့် ဖြစ်ပါတယ်။
Source : Reuters