Home
မြန်မာသတင်း
စစ်ကောင်စီက ဆိုရှယ်မီဒီယာများကို ကန့်သတ်နေသဖြင့် Digital Marketing လုပ်သူများ အခက်ကြုံ
DVB
·
June 7, 2024

စစ်ကောင်စီက ဆိုရှယ်မီဒီယာ အသုံးပြုမှုနဲ့ VPN ကို ပိတ်ဆို့ကန့်သတ်ထားတာကြောင့် ဆိုရှယ်ပလက်ဖောင်း အသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ လူငယ် digital creator နဲ့ digital  marketing လုပ်ငန်းရှင်တွေ အခက်အခဲတွေ ကြုံနေရပါတယ်။

ကိုဗစ်ကာလအပြီးမှာ လူငယ်စီးပွားရေးသမားတွေနဲ့ နည်းပညာ စိတ်ဝင်တစားရှိကြတဲ့ လူငယ်တွေက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးပြုပြီး စီးပွားရှာတာကို ပိုမို လုပ်ကိုင်လာကြပါတယ်။

အခုလို စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ဝင်ငွေလမ်းကြောင်းတခုအနေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးပြု ငွေရှာရာမှာ အခက်အခဲတွေကြုံရပြီး လူငယ်တွေရဲ့ အနာဂတ်တွေ ရိုက်ချိုးခံရတယ်လို့ digital creator လူငယ်တယောက်က ပြောပါတယ်။

“အကုန်လုံးက ဒီဘက် ဒီဂျစ်တယ်ခေတ်မှာ အွန်လိုင်းပေါ်က ငွေရှာဖို့အတွက် ဒီဂျစ်တယ် ပလက်ဖောင်းတွေကို တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အခါမှာ တခြားနိုင်ငံက လူငယ်တွေက ဒီဂျစ်တယ်ပလက်ဖောင်းတွေကနေ income တွေ ပိုက်ဆံတွေ ရှာနေကြပြီ၊ အောင်မြင်နေကြပြီ ဆိုတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံက လူငယ်တွေက ဒီဂျစ်တယ် ပလက်ဖောင်း ဖေ့စ်ဘွတ်ခ်တို့ ဘာတို့ပေါ် တက်ဖို့တောင်မှ ခက်ခဲနေတယ်။ ကျနော့်အနေနဲ့ digital creator ဘက်ကို ပြောရမယ်ဆိုရင် income တခုအနေနဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေကနေ သွားနေရတဲ့နေရာမှာ တော်တော်အခက်အခဲဖြစ်တယ်။”

ဒီဂျစ်တယ်မားကတ်တင်း လုပ်ငန်းတွေ အနေနဲ့ကလည်း ကန့်သတ်မှုတွေ လုပ်လိုက်တဲ့ နောက်မှာ အလုပ်အပ်သူတွေအနေနဲ့ တုံ့ဆိုင်းကုန်တဲ့အတွက် လုပ်ငန်းမှာ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ရှိတယ်လို့ Digital Matketing လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ပြင်းပြင်းထန်ထန်ဆို ရှိတာပေါ့။ ကိုယ့်ဆီမှာရှိနေတဲ့သူ တော်တော်များများလည်း တုံ့သွားတယ်၊ လုပ်စရာရှိတာလုပ်ဖို့ ပလန်ထားတာတွေ အများကြီးပဲ။ အခု မိုးတွင်းကာလဆိုတာ online sale တွေကို မြှင့်တင်တဲ့ကာလ၊ အခုလိုမျိုး လိုင်းတွေပိတ်သွားတဲ့အခါ သူတို့ဘက်က ရပ်တန့်သွားတာပေါ့။ အခြေအနေ ကြည့်လိုက်ဦးမယ်နော်၊ VPN တွေ ဖြစ်နေကြတယ်၊ ပြီးမှ ထပ်ဆွေးနွေးကြတာပေါ့ ဆိုတော့ ကျနော်တို့အနေနဲ့လည်း ကိုယ်ရစရာရှိတဲ့ ပရောဂျက်တွေ မရတာတွေ အများကြီး ဖြစ်သွားတာပေါ့။ အရင်လိုမဟုတ်ဘဲ ကန့်သတ်လိုက်တဲ့အတွက် တချို့သော နည်းပညာနဲ့ အကျွမ်းတဝင် မရှိကြတဲ့သူတွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ သိပ်မရှိကြတော့တာတွေ၊ အခုဆို လူတွေက သိသိသာသာ like တွေကျတာတွေ၊ ဈေးရောင်းသိပ်မကောင်းတာတွေက အခုတောင် ကြုံနေရတာလေ။ နောက်ပိုင်း အခုထက်ပိုပြီး ကန့်သတ်လိုက်မယ်ဆိုရင် တင်းကျပ်လိုက်မယ်ဆိုရင် အရင်ကလို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အလုပ်လုပ်လို့မရတာတွေ ဖြစ်သွားနိုင်တယ်။ အာဏာသိမ်းတလျှောက်လုံး ပေါ်လစီအမှားတွေကြောင့်ပဲ စီးပွားရေးကို သူတို့ဆွဲချတာ။”

စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၄ နှစ်စနဲ့ နှိုင်းယှဉ်ရင် facebook သုံးစွဲမှုက ထက်ဝက်လောက် လျော့ကျသွားတာဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီမှာ ၈၄ ဒသမ ၄၅ ရာခိုင်နှုန်း ရှိနေရာကနေ အခု ဇွန်လမှာတော့ ၄၄ ဒသမ ၇၉ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ Statcounter ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013