Home
နိုင်ငံတကာ
ပြင်သစ်က ယူကရိန်းကို မီရာ့ရှ် 2000 စစ်လေယာဉ်များ ထောက်ပံ့မည်
DVB
·
June 7, 2024
Photo-Reuters

D-Day နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ပြင်သစ်နိုင်ငံကို လာရောက်ချိန်မှာ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က သူ့အစိုးရဟာ ယူကရိန်းကို မီရာ့ရှ် 2000 စစ်လေယာဉ်တွေ ထောက်ပံ့ပေးမယ်လို့ ကြေညာတော့မှာ ဖြစ်ကြောင်း ဇွန်လ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဇွန် ၆ ရက်က သမ္မတ အီမန်နျူယယ် မက်ခရွန်ဟာ ယူကရိန်းကို စစ်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း ပြင်သစ်ရုပ်သံဌာနတွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်က စစ်လေယာဉ် ဘယ်နှစ်စင်းကို ဘယ်အချိန်မှာ ဘယ်ဘဏ္ဍာရေးစည်းမျဉ်းတွေ အောက်ကနေ ပေးမယ်ဆိုတာတွေတော့ အတိအကျ မပြောပါဘူး။

ပြင်သစ်ဟာ ယူကရိန်းလေယာဉ်မှူးတွေကို အခုနွေရာသီမှာ စပြီး ပြင်သစ်မှာ လေ့ကျင့်ရေးလုပ်ဖို့ အဆိုပြုထားကြောင်း မက်ခရွန်က ပြောပါတယ်။

ပြင်သစ်ဟာ ယူကရိန်းစစ်သား ၄,၅၀၀ ကို လေ့ကျင့်ပေးဖို့ အဆိုပြုထားတယ်လို့လည်း သူက ဆိုပါတယ်။

စစ်သားတွေကို ဘယ်နေရာမှာ လေ့ကျင့်ပေးမယ်ဆိုတာ မပြောထားပေမဲ့ လောလောဆယ်တော့ ယူကရိန်းမြေပေါ်မှာ ပြင်သစ်စစ်တပ်က သင်တန်းဆရာတွေ မရှိသေးဘူးလို့ သူကပြောပါတယ်။

မီရာ့ရှ် 2000 စစ်လေယာဉ်ဟာ ဖန်ရှင်အစုံပါရှိတဲ့ အင်ဂျင်တလုံးတပ် ဂျက်တိုက်လေယာဉ် ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက သူဟာ မက်ခရွန်နဲ့ စကားပြောဆို ဆွေးနွေးတုန်းက ပြင်သစ်မှာ ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားရေးဆိုင်ရာ သဘောတူညီချက်ကို ရရှိခဲ့တယ်လို့ စက်တင်ဘာလတုန်းက ပြောပါတယ်။

ပြင်သစ် မီရာ့ရှ် လေယာဉ်ဟာ ယူကရိန်းလေတပ်ကို အားဖြည့်ပေးနိုင်ကြောင်း ယူကရိန်းလေတပ် အကြီးအကဲက ဇန်နဝါရီလမှာ ပြောကြားခဲ့ပါတယ်။

NATO မဟာမိတ်တွေဟာ ယူကရိန်းကို စစ်ရေးအထောက်အပံ့ ပြတ်လပ်မှုတွေ ထပ်ခါတလဲလဲ မဖြစ်စေရေး သေချာစေသင့်ကြောင်း NATO အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က ဇွန် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဖင်လန်နိုင်ငံ ခရီးစဉ်အတွင်းမှာ စတော့တန်ဘာ့ဂ်က ယူကရိန်းဟာ NATO မဟာမိတ်တွေဆီက စစ်ရေးထောက်ပံ့မှုနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းနိုင်မှုနဲ့ တာဝန်ခံမှု လိုအပ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေမှာ နှောင့်နှေးမှုတွေ၊ ကွာဟချက်တချို့ ရှိနေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဖင်လန်သမ္မတ အလက်ဆန်ဒါ စတပ်ဘ်နဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားလိုက်ပြီး ဒါမျိုး ထပ်မဖြစ်အောင် သေချာဖို့လိုတယ်လို့လည်း ဆိုပါတယ်။

လောလောဆယ်မှာတော့ နော်ဒစ် သို့မဟုတ် ဘောလ်တစ်ပြည်နယ်တွေကို ရုရှားဆီက စစ်ရေးအရ ခြိမ်းခြောက်မှုကို မတွေ့ရှိဘူးလို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။

သီးခြားအားဖြင့် မော်စကိုမှာတော့ ရုရှားနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်မယ့် လက်နက်တွေကို ယူကရိန်းဆီ ပံ့ပိုးပေးနေတဲ့ အနောက်နိုင်ငံတွေဟာ အကျိုးဆက်တွေကို ကြုံတွေ့ရမယ်လို့ ကရင်မလင်နန်းတော်က ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013