ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇွန် ၆ ရက်က ကျောင်းသားကလေးတွေ အများစုကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး လမ်းချော်ပြီး မြစ်ထဲကို ထိုးကျသွားလို့ လူ ၇ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မြစ်နံဘေးမှာ ပျက်စီးနေတဲ့ အဖြူရောင် ကျောင်းကားတစီး ရှိနေပြီး ဒါဇင်နဲ့ချီတဲ့လူတွေက ယာဉ်အနီးမှာ ရေကူးခပ်နေကြကြောင်း ဦးထုပ်ဖြူလို့လည်း သိကြတဲ့ ပြည်တွင်းအရပ်ဘက်ကာကွယ်ရေး အဖွဲ့အစည်းတခုက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ချောက်ကမ်းပါးပေါ်ရှိ ကျောက်တုံးတွေပေါ်ကို တက်ရောက်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေခဲ့ကြပါတယ်။
ကျောင်းကို မောင်းနှင်နေတဲ့ ဘတ်စ်ကားဟာ အိဒ်လစ်ဘ်မြို့ အနောက်ဘက် အာယွန်အာရာ ဧရိယာမှာ ကားလမ်းမကနေ ဘေးချော်ဆင်းသွားပြီးတော့ အိုရွန်တက်စ်မြစ်ထဲကို ကျသွားခဲ့ကြောင်း ဦးထုပ်ဖြူအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘတ်စ်ကား လမ်းပေါ်မှ ဆင်းသွားရခြင်း အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။
Source-Reuters