ဂါဇာရှိ စာသင်ကျောင်းတကျောင်းက စာသင်ခန်းတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ မရှိဘူးလို့ ထောက်လှမ်းရေးက ညွှန်ပြပြီးမှသာ ဇွန် ၆ ရက်က တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အရုဏ်မတက်ခင် တိုက်ခိုက်မှုဟာ ဂါဇာရှိ နူဆီရတ်ရပ်ကွက်ရှိ UNRWA စာသင်ကျောင်းက စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားခဲ့တဲ့ ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ် စစ်သွေးကြွ အယောက် ၃၀ ထဲက ၉ ဦးကို စစ်တပ်က ဖော်ထုတ်နိုင်ခဲ့ကြောင်း ဟာဂါရီက ပြောကြားခဲ့ပြီး ဟားမတ်စ် တာဝန်ရှိသူကတော့ အဲဒီထဲမှာ ကုလသမဂ္ဂဆိုက်မှာ ခိုလှုံနေကြတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၄၀ သေဆုံးခဲ့ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စစ်ဘေးရှောင် ဒုက္ခသည် ၆,၀၀၀ လောက် ခိုလှုံနေကြတဲ့ စာသင်ကျောင်းကို တိုက်ခိုက်မှုအပေါ် ရှုတ်ချခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ပါလက်စတိုင်းလူမျိုးတွေရဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူ အများအပြားကို ဒေသဆိုင်ရာ ဆေးရုံတခုကို သယ်ဆောင်သွားကြတာမှာ အလောင်းအများစုကို ခြုံထည်တွေ ဒါမှမဟုတ် ကော်ဇောတွေနဲ့ ထုပ်ပိုးထားတာကြောင့် တိုက်ပွဲဝင်မဟုတ်သူတွေ ပါဝင်ခြင်း ရှိမရှိကို ဗီဒီယိုထဲမှာ မဆုံးဖြတ်နိုင်ပါဘူး။
ဂါဇာအလယ်ပိုင်း နူဆေရတ်ရှိ ကုလသမဂ္ဂကျောင်းဟာ ဟားမတ်စ် ကွပ်ကဲရေးဌာနကို ဝှက်ထားတယ်ဆိုတဲ့ အစ္စရေးရဲ့ ပြောဆိုချက်ကို ဟားမတ်စ်အစိုးရမီဒီယာရုံးရဲ့ ဒါရိုက်တာ အစ္စမေးလ် အယ်လ်-သောဝါဘတာက ပယ်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဂါဇာရှိ စာသင်ကျောင်းတကျောင်းကို ဇွန် ၆ ရက်က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ အဆက်အသွယ်ရထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သယူး မစ်လာက သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးက လူသိရှင်ကြား ပြောခဲ့တာတွေမှာ သူတို့ဟာ ဟားမတ်စ်နဲ့ တခြားစစ်သွေးကြွ အယောက် ၂၀ ကနေ ၃၀ လောက်ကို ပစ်မှတ်ထားနေတယ်လို့ ပြောထားပေမဲ့ ဒီတိုက်ခိုက်မှုမှာ ကလေး ၁၄ ယောက် သေဆုံးခဲ့တာကို အတိအကျ သေချာပြောနိုင်ပြီဆိုရင် ဒီကလေးတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်ရာမှာ အစ္စရေးက အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိဖို့ ဝါရှင်တန်က မျှော်လင့်ထားကြောင်းလည်း မစ်လာက ပြောသွားပါတယ်။
Source-Reuters