ထိုင်းအရှေ့မြောက်ပိုင်း၊ ခွန်ကဲန်ခရိုင်၊ ခွန်ကဲန်ဆေးရုံကြီးမှာ ဆေးရုံတက်ဆေးကုသမှုခံယူနေတဲ့ မြန်မာအလုပ်သမား ၁ ဦး ဇွန် ၆ ရက် ညက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၉ နှစ်ရွယ် ကျော်စွာအောင်ဆိုသူ မြန်မာအလုပ်သမား ၁ ဦးဟာ ခန္ဓာကိုယ်တွင်း အကြိတ်ရှိလို့ ခွဲစိပ်ကုသမှုခံယူဖို့ ဆေးရုံတက်နေကြောင်း၊ မနေ့ ည ၁၀ နာရီ ကျော်လောက်မှာတော့ အမျိုးသား ၁ ဦးဟာ လူနာကြည့်ဖို့ဆိုပြီး သူနာပြုဆရာမဆီ ခွင့်တောင်း ခဲ့တယ်၊ သူနာပြုညွှန်ပြတဲ့ ၅ လွှာရှိ လူနာအခန်းထဲဝင်သွားတာနဲ့ လူနာကို သေနတ်နဲ့ ပစ်ခတ်ပြီး ပြန်ထွက်သွားတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ ရောက်လာတော့ လူနာရဲ့ လည်ပင်းမှာ သေနတ်ဒဏ်ရာရပြီး ခုတင်ဘေးမှာ ၉ မမ ကျည်ခွံတခုတွေ့တယ်၊ သူ့အခန်းဘေးက အရေးပေါ်ခန်းထဲ ရွှေ့ပြောင်းပြီး ကုသပေးခဲ့ပေမဲ့ မကြာခင်မှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စီစီကင်မရာစစ်ဆေးချက်အရ သေနတ်သမားဟာ အနက်ရောင် ဖို့ဒ်ဟိုင်းလပ်စ်ကားနဲ့ ရောက်လာတယ်၊ ကားအရှေ့ အနောက် နံပါတ်ပြားမတပ်ထားဘူး၊ သူဟာ တီရှပ်အင်္ကျီအဖြူ ရောင်လက်တို အနက်ရောင်ဘောင်းဘီဝတ်ပြီး အိတ်အမည်းရောင်စ လွယ်သိုင်းထားတယ်၊ အသက် ၃၀ နှစ်ဝန်းကျင် အရပ်အမြင့် ၁၇၀ စင်တီမီတာခန့်ရှိပြီး ည ၈ နာရီကတည်းက ဆေးရုံထဲရောက်နေတာလို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ဇနီးက သူ့ခင်ပွန်းမှာ ဘယ်သူနဲ့မှ ခိုက်ရန်ဖြစ်ပွားတာမရှိခဲ့ဖူးဘူး၊ မတည့်တဲ့သူလည်း မရှိဘူး၊ ဒီမတိုင်ခင်ရှေ့ကတော့ ငွေအသုံးလိုလို့ စက်ရုံလုပ်ဖော်ကိုင်ဘက် အလုပ်သမား ၁ ဦးဆီက ATM ကတ် အပေါင်ထားပြီး ဘတ်ငွေ ၁၂၀၀၀ ချေးထားတာပဲရှိတယ်၊ သူဟာ ခင်ပွန်းဖြစ်သူကို လူနာလာစောင့်ပြီး ညဘက် အိမ်ပြန်အိပ်တာနဲ့ ခုလိုဖြစ်ရပ်နဲ့ ကြုံရတာလို့ ချနယ်လ် ၃ သတင်းဌာနကို ပြောပါတယ်။
ဆေးရုံထဲထိ ဝင်ရောက်ကျူးလွန်တဲ့ လူသတ်သမားကို ဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က အပူ တပြင်းလိုက်လံရှာဖွေနေပြီး သူရှိတဲ့နေရာ သတင်းပေးနိုင်သူကို ဆုငွေ ၁၀၀၀၀ ပေးမယ်လို့ လည်း ကြေညာထားကာ ဆေးရုံရဲ့လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Source- Thairath / Ch 3 TV News