Home
မြန်မာသတင်း
လေကြောင်း ဆက်လက်တိုက်ခိုက်နေသဖြင့် ကြားကာလ ပညာသင်ကျောင်းများ ပိတ်ထားရ
DVB
·
May 16, 2025

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် NUG အစိုးရဖွင့်လှစ်ထားတဲ့ ကြားကာလ ပညာသင်ကျောင်းတချို့ ပိတ်ထားရပါတယ်။

အထူးသဖြင့် စစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဆားလင်းကြီးမြို့နယ်မှာ ကြားကာလ ပညာရေးကျောင်းတွေကို ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးတာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ပညာရေးတာဝန်ခံက “ဆရာကြီးတို့အနေနဲ့လည်း ယာယီ ကျောင်းပိတ်ထားတယ်။ တမြို့နယ်တည်းဖြစ်ပေမဲ့ တကျောင်းနဲ့တကျောင်း မတူဘူးပေါ့။ တချို့က မနက်ခင်းဆိုပေမဲ့ တချို့က ညနေခင်းတက်တဲ့ကျောင်း ရှိတယ်။ တချို့တွေက နေ့လယ်ပိုင်းမှတက်တဲ့ကျောင်း ရှိတယ်ပေါ့။ ဒီသတင်းကတော့ အကုန်လုံးပြန့်သွားတဲ့အတွက် မိဘတွေလည်းသိတယ်၊ ကလေးတွေလည်းသိတယ်။ ပြီးတော့ သူတို့အနေနဲ့ စာသင်ကျောင်းထက် ရပ်ရွာတွေထဲမှာ ပြောက်ကျားစနစ်နဲ့သင်ဖို့ အဲဒါလေးတွေ အာရုံကျနေကြတယ်။ ဆရာကြီးတို့ကတော့ ခဏတဖြုတ် ရပ်နားတာပဲရှိတာပါ။ သူတို့က ကြောက်အောင်ခြောက်လည်း ရပ်သွားမှာတော့ မဟုတ်ဘူး၊ မရရတဲ့ နည်းနဲ့ပဲ သင်ကြားရေးကတော့ အပျက်မခံပါဘူး သင်သွားမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဟာ အကွယ်အကာနည်းတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေမှာ ထိခိုက်မှုပိုများရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းသတင်းကို စကားပြောစက် အိုင်ကွန်တွေကတဆင့် ပြည်သူတွေဆီ အချိန်နဲ့အမျှ ပေးပို့နေပြီး ပြည်သူ့နေအိမ်တွေနဲ့ စာသင်ကျောင်းတွေမှာလည်း ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “စာသင်ကျောင်းတွေမှာတော့ လူအများစုရှောင်နိုင်တဲ့ ဗုံးခိုကျင်းတွေ တူးကြတာရှိတယ်။ ကျောင်းဆောင်ရဲ့ ဘေးပတ်လည်မှာ ဆက်သွယ်ရေးမြောင်းတွေတူးပြီး မြောင်းတွေထဲ ဆင်းရှောင်ကြတာရှိတယ်။ နောက်တခါ လေကြောင်းအချက်ပေး ခေါင်းလောင်းထိုးတာနဲ့ ဘေးလွတ်ရာကို အလျင်အမြန်ရှောင်တိမ်းနိုင်မယ့် လေ့ကျင့်ခန်းလုပ်တာတွေ ဒါမျိုးတွေ ပြင်ဆင်ကြတာရှိတယ်။ အခုဟာကလည်း စာသင်ကျောင်းတွေကို  ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတဲ့ အခြေအနေ ဖြစ်တယ်ဗျာ၊ တကယ့် အရပ်သားစစ်စစ်တွေ စာသင်ကြတဲ့နေရာကို အကြမ်းကြုတ်ဆုံး အရက်စက်ဆုံး လက်နက်တွေနဲ့ လေကြောင်းအသာစီးယူပြီးတော့ ပစ်ခတ်ချေမှုန်းတယ်ဆိုတဲ့ ကိစ္စကတော့ တော်တော်လေးကို လူမဆန်တဲ့ကိစ္စ ဖြစ်တာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံနေရာအနှံ့ကို လေကြောင်း ဆက်လက်ဗုံးကြဲတိုက်ခိုက်နေရာမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲက စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို အများဆုံး တိုက်ခိုက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။

DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး ၄ နှစ်ကျော် ကာလအတွင်း စာသင်ကျောင်းပေါင်း ၃၃၃ ကျောင်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကိုလည်း စစ်ကောင်စီက မေ ၁၂ ရက်နေ့မှာ  လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဆရာမ ၂ ယောက် အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေနဲ့ ဗုံးခိုကျင်းတွေ လုပ်ဆောင်နေပေမဲ့ လုံလောက်တဲ့ နည်းပညာနဲ့ ကိရိယာတွေ မရှိတာကြောင့် ထိရောက်မှုအားနည်းပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“နယ်မြေဒေသပေါ် မူတည်ပြီးတော့ ကလေးတွေနဲ့ လူငယ်တွေကို [လေကြောင်းရန်ကာကွယ်ရေး] ပညာပေးမှုတွေ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအရဆိုရင်လည်း ပြည်သူတွေ အထူးသဖြင့် ကလေးသူငယ်တွေ အတတ်နိုင်ဆုံး လုံခြုံစေဖို့ ကြိုးစားပါတယ်။ ဗုံးခိုကျင်းတွေလည်း တူးပေးနေပါတယ်။ ဗုံးကြဲမယ့်လေယာဉ် လာတာနဲ့ ကျောင်းသားတွေ ပြည်သူတွေကို သတိပေးနိုင်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့မှာ လုံလောက်တဲ့နည်းပညာနဲ့ ကိရိယာတွေ မရှိတဲ့အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်တဲ့အခါ ထိရောက်မှု မရှိတာတွေလည်း ရှိပါတယ်။ အခုဖြစ်ရပ်က သက်သေပါပဲ။ ကျနော်တို့ကာကွယ်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။”

အစိုးရအနေနဲ့လည်း လေကြောင်းရန်ကနေ အပြည့်အဝ ကာကွယ်ဖို့အတွက် အကန့်အသတ်တွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆက်ပြောပါတယ်။

အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့  လက်တွေ့ကျတဲ့ အရေးယူ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ NUG က တောင်းဆိုထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013