Home
မြန်မာသတင်း
မင်းတပ်တွင် စစ်‌တပ်ဗုံးကြဲ၊ ကျောင်းသား ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
DVB
·
May 16, 2025
Photo: မင်းတပ် ပကဖ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၁၅ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျောင်းသားတယောက် အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိသလို ကျေးရွာစာသင်ကျောင်းနဲ့ လူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မင်းတပ်မြို့နယ် တိုက်နယ် ၁ ထဲက ကျေးရွာတရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသူ ၂ ယောက် ရှိပါတယ်။ တယောက်က ၁၃ နှစ်အရွယ် ကျောင်းသားလေးပါ။ နောက်တယောက်က အသက် ၄၀ ကျော် အမျိုးသားတဦး ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့သူက ၁၁ ယောက်ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာက စာသင်ကျောင်းဆောင်လည်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားပြီး လူနေအိမ် ၄၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ကျနော်တို့ မင်းတပ်မြို့နယ်ထဲကို အခုနှစ်စပိုင်းကနေ မေလထဲအထိ ဗုံးကြဲခံရတာ ၁၃ ကြိမ် ရှိခဲ့တယ်။ စစ်တပ်ဟာ မြေပြင်မှာ အရှုံးကြီးရှုံးပြီးတော့ ပြည်သူကို အငြိုးတကြီး လေကြောင်းတိုက်နေတာ ဖြစ်ပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်ခံရမှုတွေထဲမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက်လည်း ကျနော်တို့ မင်းတပ် ပအဖက လူသားချင်းစာနာမှု အကူအညီတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေအတွက် လုံလောက်မှုမရှိကြဘူး။ အဲဒါ​တွေကြောင့်မို့လို့လည်း လူသားချင်းစာနာဆိုင်ရာ အကူအညီတွေ လိုအပ်နေပါသေးတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထား နေထိုင်သွားလာကြဖို့လည်း သူက ဆက်ပြောပါတယ်။

မတ် ၂၈ ရက်က ငလျင်အပြင်းအထန်လှုပ်ခတ်ခဲ့တာကြောင့် ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလအတွင်း စစ်ကောင်စီတပ်အနေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ချင်းအမျိုးသားတပ်ဦး (CNF) က မတ် ၃၁ ရက်မှာ တိုက်တွန်း ထုတ်ပြန်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013