Home
မြန်မာသတင်း
ဂန့်ဂေါ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ၊ စာသင်ဆောင်နှင့်လူနေအိမ်များ ပျက်စီး
DVB
·
May 15, 2025

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက စာသင်ကျောင်းကို မေ ၁၄ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲသွားခဲ့တာကြောင့် စာသင်ဆောင် နဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့တာဝန်ရှိသူ ကိုဘကောင်း က “ဂန့်ဂေါမြောက်ဘက် ၆ မိုင်လောက်ပဲ ဝေးတဲ့ လာပို့ရွာစာသင်ကျောင်းထဲက စာသင်ဆောင် ဗုံးကြဲခံလိုက်ရတာပါ။ စာသင်ကျောင်းထဲက ခရေ စာသင်ဆောင်ကြီး ခါးလယ်ကနေ ကျိုးသွားပါတယ်။ ကျောင်းနားက အိမ် ၁ လုံးလည်း ပျက်စီးသွားပါသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လာပို့ကျေးရွာနဲ့ အဆိုပါစာသင်ကျောင်းထဲကို တံတားဦးလေဆိပ်က တက်လာတဲ့ MIG 29 လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်အပြီးမှာ လက်နက်ကြီးတွေနဲ့ပါ ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံတယောက်က DVB ကို ပြောပါတယ်။ 

“အဲဒီ လာပို့ရွာကို လေ​ယာဥ်နဲ့ဗုံးကြဲပြီးတော့ နာရီပိုင်းလောက်မှာပဲ ဂန့်ဂေါဘက်ကနေ လက်နက်ကြီး ၄ လုံး နဲ့ ထပ်ပစ်တယ်။ ၃ လုံးကွဲပြီး ၁ လုံးက မကွဲဘဲကျန်တယ်။ အခုတိုက်ခိုက်ခံရမှုတွေထဲမှာတော့ ပြည်သူထိခိုက်တာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာကို ဂန့်ဂေါကနေ မကြာခဏ လက်နက်ကြီးတွေနဲ့ အပစ်ခံနေရလို့ ပြည်သူတွေ ထွက်ပြေးနေကြရတာ ၅ လ၊ ၆ လ လောက်တောင်ရှိနေပြီ။ အခုတိုက်ခိုက်ခံရတဲ့ အနေအထားကလည်း တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ တိုက်ခိုက်သွားတာပါ။” 

ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာက ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အမျိုးသမီးတွေနဲ့ အမျိုးသား စုစုပေါင်း ၁၃ ယောက်ကို မ ၁၅ ရက်နေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မေလကုန်အထိအ ပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်နီးပါးကွာဝေးတဲ့ အိုးတိန်တွင်း (မြောက်) ကျေးရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေးစာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူတွေနဲ့ဆရာမ ၂၄ ယောက်အထိ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထိ ရှိခဲ့ပါသေးတယ်။

Photos .... ယောအလင်းတန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013