Home
မြန်မာသတင်း
အင်္ဂပူပြည်သူ့လုံခြုံရေးအဖွဲ့အတွက် အသက် ၃၅ နှင့် ၆၀ အရွယ်များကို တရက် ကျပ် ၇,၀၀၀ ဖြင့်
DVB
·
May 16, 2025
Photo :Win Ko

စည်းရုံးနေ

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ဆိုပြီး အသက် ၃၅ နဲ့ ၆၀ အရွယ် အမျိုးသားတွေကို တရက်ကျပ် ၇,၀၀၀ ပေးမယ်ဆိုပြီး မေ ၁၄ ရက်ကစတင်ကာ လိုက်လံစည်းရုံးခေါ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်အဖြစ် ပါဝင်သူတွေအနေနဲ့ သင်တန်းတက်နေစဉ်ကာလအတွင်း တရက်ကို စာရိတ်ငြိမ်း ၇,၀၀၀ ကျပ်ပေးမယ်လို့ဆိုပြီး အခြေခံသင်တန်း ၁၅ ရက် တက်ရမှာဖြစ်ကာ သင်တန်းဆင်းပြီးပါက ကိုယ့်ရွာကိုယ်ကာကွယ်ဖို့ စစ်ကောင်စီက တာ၀န်ပေးမယ်လို့ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆို စည်းရုံးခေါ်ဆောင်နေတာလို့ သိရပါတယ်။

အင်္ဂပူဒေသခံတယောက်က “သင်တန်းတော့ တက်ရမှာ ကြောက်စရာမလိုဘူးပေါ့နော်၊ ဘာမှမလုပ်ရဘူး။ အဓိက ကိုယ့်ဒေသနဲ့ ကိုယ့်မြို့နယ်ဖွံ့ဖြိုးရေးပဲ လုပ်ရမယ်ပြောတယ်။ သေနတ် မကိုင်ရဘူးလို့ ပြောခေါ်တာ။ ၇၀၀၀ ရတာ့ လုပ်တဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ကျပ် ၇,၀၀၀ ပေးကာ ခေါ်ယူနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါရမယ့်သူတွေဟာ အင်္ဂပူမြို့နယ်ကကွင်း ကောက်တပ်နဲ့ ဟင်္သာတမြို့နယ်က ထူးကြီးခန်းမတွေမှာ အသုတ်လိုက်ခွဲပြီး သန်တန်းပေးသွားမယ်လို့ သိရပါတယ်။

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ''စစ်သင်တန်းပေးပြီး သေနတ်မကိုင်ရဘူး ပြောတာ ရယ်စရာပဲ။ ဒါဆို ဘာလုပ်ခိုင်းမှာလဲ၊ ရပ်ရွာမတည်မငြိမ်ဖြစ်လာရင် ပါစပ်နဲ့ ပြေးကိုက်ရမှာလား။ အသုံးချဖို့ သက်သက် ခေါ်တာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ပိုမိုပြင်းထန်လာပါက စစ်အင်အားအဖြစ် အသုံးချဖို့ အခုလို သက်ကြီးပိုင်းတွေပါ မကျန် စစ်ကောင်စီက စည်းရုံးကာ စစ်သင်တန်းပေးနေတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013