
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ UAE နိုင်ငံကို သွားမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ UAE ရဲ့ AI နည်းပညာ ရည်မှန်းချက်အတွက် ဆွေးနွေးမှုဖြစ်မယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ထရမ့်ပ်ရဲ့ ကာတာနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေကို မိန့်ခွန်းပြောကြားတဲ့ ခရီးတိုဟာ ကြာသပတေးနေ့မှာ အဆုံးသတ်ခဲ့ပြီး UAE ကို ဆက်သွားမှာဖြစ်ပါတယ်။
အမေရိကန်နဲ့ UAE တို့ဟာ Nvidia ရဲ့ AI ချစ်ပ် တနှစ် ၅၀၀,၀၀၀ နှုန်း ပို့ဆောင်ဖို့ အကြိုသဘောတူညီချက် ရထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရိုက်တာက ဖော်ပြတာပါ။
ဒီသဘောတူညီချက်ဟာ AI နည်းပညာဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ ဒေတာစင်တာတွေ တည်ဆောက်ဖို့ တွန်းအားဖြစ်စေပါတယ်။
ဒါပေမဲ့ သဘောတူညီချက်တွေက အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိခဲ့တာကြောင့် စာချုပ်ပါ အချက်အလက်တွေကို ပြောင်းလဲဖွယ်ရှိပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်ရဲ့ AI ချစ်ပ်ပြားတွေကို အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသတွေကို တင်ပို့မှု တင်းကျပ်ခဲ့ပါတယ်။
ဘိုင်ဒင်အစိုးရအဖွဲ့ဟာ ဒီချစ်ပ်ပြားတွေ တရုတ်နိုင်ငံကို ရောက်သွားမှာနဲ့ တရုတ်စစ်တပ်ကို အင်အားပိုကောင်းစေမှာကို စိုးရိမ်ခဲ့တာပါ။
ထရမ့်ပ်အစိုးရအဖွဲ့ကတော့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ UAE ကို ချစ်ပ်ပြားတွေ ရောင်းချဖွယ်ရှိပါတယ်။
AI နည်းပညာယှဉ်ပြိုင်မှုမှာ အမေရိကန်နဲ့ တရုတ်ပြီးရင် UAE က တတိယ အင်အားကြီး စင်တာတခု ဖြစ်လာဖွယ်ရှိပါတယ်။
Source: Reuters