Home
မြန်မာသတင်း
KIO/KIA ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား ကွယ်လွန်
DVB
·
May 15, 2025

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)  ဥက္ကဋ္ဌဟောင်း အသက် ၈၇ နှစ်အရွယ်  ဦးလညော်ဇောင်းဟရားဟာ  မေ ၁၅ ရက် မနက် ၇ နာရီ ၁၅ မိနစ်က ကာလရှည်ကြာ နာမကျန်းဖြစ်ပြီး လိုင်ဇာမှာ ကွယ်လွန်သွားပြီလို့ ဒေသခံတွေနဲ့  KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “KIO/KIA ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား ကွယ်လွန်သွားပြီ။ အသက်လည်ကြီးပြီ။ နာမကျန်းဖြစ်နေတာလည်း ကြာပြီ။ KIO/KIA ဥက္ကဋ္ဌ ရာထူးကနေ အနားယူတာတော့ ၈ နှစ်လောက်ရှိပြီ” လို့ ပြောပါတယ်။

KIA နဲ့ နီးစပ်သူတယောက်က “အသက်ကြီးသွားလို့ ဥက္ကဋ္ဌ တာဝန်ကနေ အနားယူလိုက်တာပါ။ သူ တာဝန်ထမ်းတဲ့ သက်တမ်းတောင် အနှစ် ၆၀ နီးပါး ရှိတယ်။ အသက်ကြီးသွားလို့ ဥက္ကဋ္ဌ တာဝန်ကို ဗိုလ်ချုပ်ကြီး အင်ဘန်လကို လွှဲပြောင်းပေးခဲ့တာပါ” လို့ ပြောပါတယ်။

လိုင်ဇာ၊ ရပ်ကွက် ၁ မှာ နေထိုင်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ခန့်ကတည်းက ဥက္ကဋ္ဌကြီးက နာမကျန်းဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

ဦးလညော်ဇောင်းဟရားဟာ ၁၉၆၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ KIA တပ်ဖွဲ့ထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။ 

KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ် လမုန်တူးဂျိုင် ကွယ်လွန်သွားပြီးနောက် ၂၀၀၆ ဇူလိုင်လကနေ ၂၀၁၇ ဒီဇင်ဘာလအထိ KIO/KIA ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ကာ ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့ကမှ KIO/KIA ရဲ့ ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ကြီး အင်ဘန်လကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013