Home
မြန်မာသတင်း
ဗန်းမော်ရှိ စကခ ၂၁ အပါ လက်ကျန်စခန်းအားလုံး KIA ပူးပေါင်းတပ် တပြိုင်တည်း ထိုးစစ်ဆင်
DVB
·
April 25, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်း စကခ ၂၁ အပါအဝင် လက်ကျန်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်လည်း လေကြောင်းကနေပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက် ခုခံနေတယ်လို့ သိရပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်း စကခ ၂၁ အပါအဝင် လက်ကျန်စခန်းအားလုံးကို ဧပြီ ၂၅ ရက် ဒီမနက် ၄ နာရီလောက် ကစပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့မနက် တိုက်ပွဲဖြစ်နေတာက စကခ ၂၁ ပတ်ဝန်းကျင်ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ တခြားကျန်တဲ့ ၄၇ တို့ ၄ မိုင်ဘက်က အင်ဂျင်နီယာတပ်တွေ ထောက်ပို့တပ်တွေ ဆေးတပ်တွေရှိတယ်။ အဲ့ဘက်ကမှာတော့ ထိုးစစ်ကတော့ မရှိသလောက်ပဲ။ ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့ အခြေအနေဟုတ်တယ်။ စကစဘက်က ဒီနေ့မနက် ၄ နာရီကျော် လောက် ကတည်းကနေ တိုက်ပွဲစတဲ့နောက်ပိုင်းမှာ မြို့ပတ်ဝန်းကျင်ကိုရော မြို့ပေါ်ကိုရော ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာတွေလည်း ရှိတယ်။”

စစ်ကောင်စီက ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်ရပ်စဲမယ်လို့ ကြေညာခဲ့ပြီးနောက် KIA ဘက်ကလည်း ထိုးစစ်ရပ်ကြောင်း ကြေညာခဲ့ပေမဲ့ စစ်ကောင်စီဘက် ဗန်းမော်မြို့အပါအဝင် ကချင်ပြည်နယ်ရှိ မြို့ရွာတွေမှာ လေကြောင်းတိုက်ခိုက်တာ မြေပြင်ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့တာပါ။  

စစ်ကောင်စီက ဧပြီ ၂၃ ရက်ကနေ ဧပြီ ၃၀ ရက်အထိ အပစ်ရပ်မယ်လို ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပေမဲ့ နိုင်ငံတနှံ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုတော့ မရပ်မနား ဆက်လက်ပြုလုပ်နေပါတယ်။  

KIA ကတော့ ထိုးစစ်ရပ်ဆိုင်းမှု ထပ်မံ သက်တမ်းတိုးခြင်းမရှိခဲ့သလို ထိုးစစ်ဆင်မှုတွေကို အတန်ကြာ ရပ်နားထားပြီးနောက် KIA ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး  တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။  

KIA စစ်ရေးသတင်းရင်းမြစ် တယောက်က “ဗန်းမော်ကတော့ ဒီနေ့မနက်ကနေ  ပြန်စတယ်လို့ ပြောရမယ်။ မြေပြင်ထိုးစစ်ကတော့ ဒီနေ့ ၂၅ရက်နေ့မှာ ပြန်စတာ ရှိတယ်။ လွန်ခဲ့တဲ့ရက်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ ကြားနေရတယ်။ လွန်ခဲ့တဲ့ ၃-၄ရက်တုန်းကဆိုလည်း စကစဘက်က ဗန်းမော်ပတ်ဝန်းကျင်မှာ ဂျက်လေယာဉ်ရော Y12 ပစ္စည်းချတာရော၊ လေကြောင်းကနေ ပစ်ခတ်တာတွေရော လွန်ခဲ့  ၃ ရက်လောက်ကတည်းကနေ ၂ ရက်လောက် ပြင်းပြင်းထန်ထန် ဂျက်လေယာဉ်နဲ့ လာပစ်တယ်။ မနက် ည ပုံမှန်လာပစ်တာတွေ ရှိတယ်။ မနေ့ကတော့ ဂျက်လေယာဉ်နဲ့ လာပစ်တာ နည်းနည်းငြိမ်သွားတယ်။ ဒီနေ့ကတော့ ကျနော်တို့ဘက်က မြေပြင်ထိုးစစ် စနေတယ်”လို့ ပြောပါတယ်။

ဗန်းမော်မြို့ စ.က.ခ (၂၁) အနီးဝန်းကျင်ရှိ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် (၃၆၆) နဲ့ ဗန်းမော်လေဆိပ်တို့ကို KIA ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၂ ရက် အတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက် ကစပြီး မံစီနဲ့ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ လကျော်အတွင်း မံစီမြို့နယ်ရှိ ခ.လ.ရ (၃၁၉)၊ ခ.မ.ရ (၆၀၁) နဲ့ လက်နက်ကြီးတပ် (၃၅၂) တို့ကိုလည်းသိမ်းပိုက်ထားပါတယ်။

တဖက်မှာလည်း ဖားကန့်ဒေသဘက်ကို အင်အားအများအပြားပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ ကာမိုင်းဘက်နဲ့ အင်းတော်ကြီးဘက်ကနေ စစ်ကြောင်းကြီး ၂ ခုနဲ့ တက်လာတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေလည်း ရှိနေပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013