Home
နိုင်ငံတကာ
ပူတင်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးမှသာ ငြိမ်းချမ်းရေးရရှိနိုင်မည်ဟု ဇလန်းစကီး ပြော
DVB
·
May 14, 2025
Photo: RIA Novosti/Handout via REUTERS/Valentyn Ogirenko

အခုသီတင်းပတ် အစ္စတန်ဘူလ် ဆွေးနွေးပွဲမှာ ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးကို ဗလာဒီမာ ပူတင်နဲ့ မျက်နှာချင်းဆိုင် ညှိနှိုင်းလိုပြီး အကြောင်းကတော့ ရုရှားခေါင်းဆောင်တယောက်တည်းကသာ အဲဒီလို ခေတ္တရပ်နားထားနိုင်တာကြောင့် ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၁၃ ရက်မှာ ပြောပါတယ်။

ပူတင်ဟာ သူနဲ့တွေ့ရမှာကို ကြောက်နေတယ်လို့လည်း စွပ်စွဲလိုက်ပြီး ဆွေးနွေးပွဲတွေ မဖြစ်မြောက်လာဘူးဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မျှော်လင့်ထားကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

ဒါ့အပြင် မအောင်မြင်တဲ့ ဆွေးနွေးပွဲကနေ ရုရှားဟာ သံတမန်ရေးရာအတွက် အဆင်သင့်မဖြစ်သေးဘူး ဆိုတာကိုလည်း ပြသလိုက်သလို ဖြစ်မယ်လို့ ဆိုပါတယ်။

ရုရှားမှာရှိသမျှ ကိစ္စအားလုံးဟာ ပူတင်အပေါ် မူတည်နေပြီး အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ တခုတည်းသောနည်းလမ်းက သူနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်လို့ ဇလန်းစကီးက သတင်းထောက်တွေကို ပြောပါတယ်။

တကယ်လို့ သူက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဖို့အတွက် ခြေလှမ်းပြင်လိုက်ပြီဆိုရင် ဒါမှ စစ်ပွဲကို အဆုံးသတ်ဖို့ အချက်တွေ အားလုံးကို ဆွေးနွေးဖို့ လမ်းဖွင့်ပေးမှာပါလို့လည်း ဆိုပါတယ်။

ဇလန်းစကီးက အန်ကာရာမှာ တူရကီသမ္မတ တေယစ်အာဒိုဂန်နဲ့ ပထမဆုံး တွေ့ဆုံမှာဖြစ်ပြီး ပူတင် ရောက်ရှိလာတယ် ဆိုရင်တော့ အစ္စတန်ဘူလ်ကို သွားရောက်မှာဖြစ်ကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းဟာ ကြာသပတေးနေ့ အစည်းအဝေးကို တက်ရောက်လာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဖိတ်ကြားထားပေမဲ့ ထရမ့်ပ်ရဲ့ တက်ရောက်မှုကို အတည်မပြုနိုင်သေးကြောင်း ဇလန်းစကီးက ပြောပါတယ်။

ထရမ့်ပ်ဟာ ဒေသတွင်းကို ခရီးသွားလာနေတုန်း အလားအလာရှိတဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်မယ်လို့ တနင်္လာနေ့က ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013