
တက်စ်လာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် CEO နဲ့ စွန့်ဦးတီထွင်သူ ဘီလီယံနာ အီလွန်မတ်စ်ခ်ဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ရေကြောင်းနဲ့ လေကြောင်းဆိုင်ရာ ကိစ္စတွေအတွက် ဆောင်ရွက်ဖို့ Starlink ကို အတည်ပြုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်မှာ ကျင်းပတဲ့ ဆော်ဒီ-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ခုလိုပြောခဲ့တာပါ။
ပင်လယ်ကွေ့နိုင်ငံတွေဆီ ခရီးစဉ်အစမှာ ရေနံစွမ်းအင်နိုင်ငံ ဆော်ဒီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကြိုဆိုခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်မှာ ဆော်ဒီအာရေဗျက ဒေါ်လာ ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ်ကို အင်္ဂါနေ့မှာ ထရမ့်ပ်က အာမခံချက် ရခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ အချက်အလက်တွေအရ အမေရိကန်ဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ လုပ်ဖူးသမျှ အကြီးမားဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အနေနဲ့ ဒေါ်လာ ၁၄၂ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေကို ဆော်ဒီအာရေဗျဆီ ရောင်းဖို့ သဘောတူခဲ့ပါတယ်။
ဒီသဘောတူညီချက်ထဲမှာ ဝေဟင်နဲ့ ဒုံးကျည်ကာကွယ်ရေး၊ လေတပ်နဲ့ အာကာသဆိုင်ရာ တိုးတက်မှု၊ ရေကြောင်းလုံခြုံရေးနဲ့ ဆက်သွယ်ရေး အပါအဝင် နယ်ပယ်တွေမှာ အမေရိကန် ကာကွယ်ရေးကုမ္ပဏီ တဒါဇင်ကျော်နဲ့ သဘောတူညီချက်တွေလည်း အကျုံးဝင်တယ်လို့ အိမ်ဖြူတော် အချက်အလက် စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters