Home
နိုင်ငံတကာ
ဒေါ်လာ ဘီလီယံ ၁၀၀ တန် လက်နက်များ ဆော်ဒီကို အမေရိကန် ရောင်းချလို 
DVB
·
April 25, 2025
Photo : U.S. NETWORK POOL / STATE TV

အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေဗျနိုင်ငံကို ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့အတွက် ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ တိုက်ရိုက်သိရှိတဲ့ သတင်းရင်းမြစ် ၆ ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို မေလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆော်ဒီခရီးစဉ်အတွင်း ကြေညာဖို့ စီစဉ်ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

ဆော်ဒီအာရေဗျဟာ အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ မျှော်မှန်းထားတဲ့ ကျယ်ပြန့်တဲ့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က ရီယာ့ဒ် အစိုးရနဲ့  ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အပြီးလက်စမသတ်နိုင်ခဲ့ပြီးနောက်မှာ အခု လက်နက် အစီအစဉ် ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။

သမ္မတ ထရမ့်ပ်က “ဆော်ဒီအာရေဗျဟာ အမေရိကန်ထုတ်ကုန်တွေ၊ အထူးသဖြင့် အမေရိကန် စစ်လက်နက် ပစ္စည်းတွေကို ဝယ်ယူနေတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ကလည်း ကမ္ဘာမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်”လို့ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန်ကို ပြောပါတယ်။

ဆော်ဒီအာရေဗျက ဝယ်ယူမှုတွေကြောင့် အနည်းဆုံး အလုပ်အကိုင်ပေါင်း တသန်းကို ဖန်တီးပေးနိုင်ခဲ့ပြီး အဲဒီအတွက် ကျေးဇူးတင်ကြောင်းလည်း ထရမ့်ပ်က ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့စံကလည်း သူတို့ အရင်က မလုပ်ဘူးခဲ့တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စစ်ရေးနဲ့ အထူးသဖြင့် စီးပွားရေးဘက်တွေမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ အများကြီး လုပ်ခဲ့ကြောင်းနဲ့ နှစ်နိုင်ငံစလုံးအတွက် GDP တိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှု၊ လုံခြုံစိတ်ချရမှုတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပြီးတော့ ဒီထက်ပိုပြီး လုပ်နိုင်ဖို့ မျှော်လင့်ပါကြောင်း ထရမ့်ပ်ကို ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆလ် ဘင်န် ဖာရ်ဟန် အယ်လ်ဆွဒ် တို့လည်း တက်ရောက်ခဲ့ပါတယ်။

အိမ်ဖြူတော်၊ ပင်တဂွန်နဲ့ ဆော်ဒီအစိုးရ ဆက်သွယ်ရေးရုံးတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန်ဟာ ဆော်ဒီအာရေဗျကို လက်နက်တွေ ထောက်ပံ့ပေးနေတာ ကြာပါပြီ။ ၂၀၁၇ ခုနှစ်မှာ ထရမ့်ပ်ဟာ ဆော်ဒီကိုရောင်းချမှု ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၁၀ ဘီလီယံကို အဆိုပြုခဲ့ပါတယ်။

အမေရိကန်ဥပဒေအရ နိုင်ငံတကာလက်နက်ဆိုင်ရာ သဘောတူညီချက်တွေကို အပြီးမသတ်ခင်မှာ ကွန်ဂရက်အဖွဲ့ဝင်တွေက ပြန်လည်သုံးသပ်ရဦးမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013