
အမေရိကန်နဲ့ ဆော်ဒီအာရေဗျ အစိုးရတို့ဟာ အရပ်ဘက် နျူကလီးယား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆော်ဒီနိုင်ငံရဲ့ ရည်မှန်းချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပဏာမ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးမယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ရိုက်ထ်က ဆော်ဒီမြို့တော် ရိယာ့ဒ်မှာ ဧပြီ ၁၃ ရက်က သတင်းထောက်တွေကို ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းမှာ ဆော်ဒီစွမ်းအင်ဝန်ကြီး တော်ဝင်မင်းသား အဗ္ဗဒူလာဇစ် ဘင် ဆယ်လ်မန်နဲ့ တွေ့ခဲ့တဲ့ ရိုက်ထ်က ဆော်ဒီနဲ့ အမေရိကန် အစိုးရတွေဟာ ဆော်ဒီအရပ်ဘက် နျူကလီးယားအစီအစဉ်ကို အကောင်အထည်ဖော်ရေး သဘောတူညီချက်တရပ်ရဖို့ ‘လမ်းကြောင်းတခု’ ဖြစ်တယ်လို့ ပြောပါတယ်။
ရိုက်ထ်ဟာ စွမ်းအင်ထုတ်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေဆီ လေ့လာရေးခရီးစဉ် တစိတ်တပိုင်း အနေနဲ့ စွမ်းအင်ဝန်ကြီးအဖြစ် ဆော်ဒီနိုင်ငံဆီ ပထမဆုံး လာလည်ခဲ့တာပါ။
ဆော်ဒီနဲ့ အမေရိကန်အကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အသေးစိတ် စာချွန်လွှာဟာ အခုနှစ် နှောင်းပိုင်းမှာ ရောက်လာမယ်လို့ သူကပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သူ ဆော်ဒီအာရေဗျဟာ အိမ်ရှေ့မင်းသားရဲ့ ရည်မှန်းချက်ကြီးတဲ့ မျှော်မှန်းချက် ၂၀၃၀ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖူလုံအောင် ထုတ်လုပ်ဖို့နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ကြိုးပမ်းနေတာပါ။
အနည်းဆုံးအနေနဲ့ ဒီစွမ်းအင်တွေကို နျူကလီးယားစွမ်းအင်ကနေ ရဖို့ မျှော်လင့်ထားပါတယ်။
Source : Reuters