Home
နိုင်ငံတကာ
အမေရိကန်၏ တရုတ်အပေါ် ၁၀၄ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု စတင်အသက်ဝင်
DVB
·
April 9, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရုတ်နိုင်ငံအပေါ် ၁၀၄ ရာခိုင်နှုန်း သွင်းကုန်ခွန်ကောက်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုဟာ ဧပြီ ၉ ရက်မှာ စတင်အသက်ဝင်ပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာ “အဆိုးရွားဆုံး ကျူးလွန်သူ” အဖြစ် ထရမ့်ပ်က သတ်မှတ်ခဲ့တဲ့ နိုင်ငံပေါင်း ၆၀ နီးပါးအပေါ် အခွန်တိုးကောက်မှုကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံပေါ် တုံ့ပြန်ကောက်ခံထားတဲ့ အခွန် ၃၄ ရာခိုင်နှုန်းကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်အစိုးရဘက်က ငြင်းဆန်ခဲ့ပြီးနောက် ဝါရှင်တန်ဟာ ပေကျင်းအပေါ် ၅၀ ရာခိုင်နှုန်း အခွန်ထပ်တိုးခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်တွင်းထဲကို ဝင်ရောက်လာမယ့် တရုတ်ကုန်စည်တွေအပေါ် အခွန်စည်းကြပ်မှု စုစုပေါင်းက ၁၀၄ ရာခိုင်နှုန်းထက်မနည်း ရှိလာခဲ့ပါတယ်။

အခုလိုမျိုး အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လျှော့ပေါ့ပေးဖို့အတွက် အစိုးရအဖွဲ့ ၇၀ လောက်က ဝါရှင်တန်ဆီ ဆက်သွယ်ချဉ်းကပ်ခဲ့သလို တောင်ကိုရီးယား၊ ဂျပန် စတဲ့ တခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးမှုစတင်နေပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား ယာယီသမ္မတဖြစ်သူနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွန်ကိစ္စရပ်အကြောင်း ဆွေးနွေးခဲ့ကြပြီးနောက် ထရမ့်ပ်ဟာ “အင်မတန်ကောင်းမွန်တဲ့ ဖုန်းဆက်ပြောဆိုမှုတခု” ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲကို ရှောင်လွှဲနိုင်မယ်လို့ပါ ယုံကြည်မှုရှိတယ်ဆိုပြီး ထရမ့်ပ်က ဖြည့်စွက်ပြောပါတယ်။

“တရုတ်နိုင်ငံဟာ သဘောတူညီချက်တခုရဖို့ အတော်လိုလားနေပါတယ်၊ ဒါပေမဲ့ ဘယ်လိုစရမလဲ သူတို့ မသိဘူးဖြစ်နေတယ်၊ သူတို့ရဲ့ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေတာပါ၊ အဲဒီအတိုင်း ဖြစ်လာမှာပါ” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

တဖက်မှာတော့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက “ပြဿနာကိုဖန်တီးတာ ကျနော်တို့ မဟုတ်ပါဘူး၊ အဆုံးထိ တိုက်ပွဲဝင်သွားမယ်” လို့ ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ၂ နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၅၈၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။

တရုတ်ကနေ အမေရိကန်ကို ကုန်စည်တင်ပို့မှုများစွာ ရှိပေမဲ့လည်း ဒါဟာ ပေကျင်းအတွက် စုစုပေါင်း ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့  ၂ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

ဒါ့အပြင် အမေရိကန်ဘက်က တရုတ်ကုန်စည်ဝယ်ယူမှု ဒေါ်လာ ၄၄၀ ဘီလီယံဖိုး ရှိခဲ့ပြီး တရုတ်ဘက်ကနေ အမေရိကန်ပို့ကုန် တင်သွင်းမှုဟာ ဒေါ်လာ ၁၄၅ ဘီလီယံဖိုးသာ ရှိခဲ့တဲ့အလျောက် ဝါရှင်တန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချလိုတာ ဖြစ်ပါတယ်။

အဲဒီအကောက်ခွန်ကြောင့် အထိနာဆုံးနိုင်ငံတွေထဲမှာ ကမ္ဘာ့အကြီးဆုံးတင်ပို့သူ တရုတ် (၁၀၄ ရာခိုင်နှုန်း) အပါအဝင် ကမ္ဘောဒီးယား (၄၉ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၄၆ ရာခိုင်နှုန်း) နဲ့ မြန်မာ (၄၄ ရာခိုင်နှုန်း) ဆိုပြီး ပါဝင်နေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013