Home
မြန်မာသတင်း
ဧရာဝတီတိုင်းက စစ်မှုထမ်းများကို မကွေးသို့ ပို့၊ ကျည်ကာအင်္ကျီကို စစ်တပ်ဆီက ဝယ်ယူရ
DVB
·
May 11, 2025
Photo: TK
Photo: TM

ဧရာဝတီတိုင်းကနေ ဖိအားပေးစုဆောင်းခံရတဲ့ စစ်သင်တန်းဆင်းလူငယ် ၁၀၀ ကျော်ကို မကွေးတိုင်းဆီကို ပို့နေပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေဟာ ကျည်ကာအင်္ကျီ တထည်ကို ကျပ် ၁၂၀,၀၀၀ နဲ့ စစ်ကောင်စီဆီကနေ ဝယ်ယူဝတ်ဆင်နေရတယ်လို့ သိရပါတယ်။

စစ်ဆင်ရေး ရပ်တန့်ထားမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း လူငယ် ၁၀၀ ကျော်ကို မေ ၁၀ ရက် ညနေပိုင်းကစတင်ပြီး မကွေးတိုင်းကို ပို့နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“အခု မကွေးတိုင်းကို အပို့ခံရတဲ့ စစ်မှုထမ်းလူငယ်တွေက စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း လူငယ်တွေပါ။ ပုသိမ် ရွှေမြင်တင်လေ့ကျင့်ရေးတပ်က အယောက် ၆၀ ကျော်နဲ့ အင်္ဂပူ ကွင်းကောက်လေ့ကျင့်ရေးတပ်က ၄၀ ကျော် လို့သိရတယ်”လို့  ပြောပါတယ်။

မကွေးတိုင်းကို အပို့ခံရတဲ့ စစ်မှုထမ်းလူငယ် အယောက် ၁၀၀ ကျော်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်မှာရှိတဲ့ တပ်အရာရှိတွေ လုံခြုံရေးလိုက်ပါပြီး စစ်ကား ၅ စီးနဲ့ ပို့ခဲ့တာလို့ ဆိုပါတယ်။

ကျိုက်လတ်မြို့က စစ်မှုထမ်းရတဲ့ မိသားစုဝင်တယောက်က “စစ်မှုထမ်းလူငယ်တွေ ဘယ်ရောက်တယ်၊ ဘယ်ကို အပို့ခံရတဲ့ဆိုတာက လိုင်းပေါ်(မီဒီယာ)တွေက ဖော်ပြမှသိရတာ။ စစ်မှုထမ်းဖို့ စဖမ်းခေါ်ကတည်းက အဆက်သွယ်ကိုမရတာပါ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းကနေ မကွေးတိုင်းကို အပို့ခံရတဲ့ စစ်မှုထမ်းလူငယ်တွေဟာ မကွေးတိုင်းထဲက စလင်းမြို့နယ်နဲ့ မြိုင်မြို့နယ်မှာ အလင်းဝင်တာနဲ့ ကျဆုံးတာတွေ များနေလို့ စစ်ဆင်ရေးအတွက် ပို့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းကနေ စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေဟာ ကျည်ကာအင်္ကျီဝယ်ယူဖို့ မိသားစုဆီက ငွေတောင်ပြီး ဝယ်ယူနေရသလို မဝယ်နိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့နယ်က စစ်မှုထမ်းစုဆောင်းခံရတဲ့ မိသားစုဝင်တယောက်က “ငွေကြေး ပြည့်စုံတဲ့သူတွေကတော့ လှမ်းတောင်းတာနဲ့ ပေးတာပေါ့နော်။ မပြည့်စုံသူတွေက မဝယ်ဘူးလို့ သိရတယ်။ တချို့တွေက စစ်မှုထမ်းစတင် စုဆောင်းခံရတဲ့နေ့ကတည်းက ထည့်ပေးလိုက်တဲ့ငွေနဲ့ ဝယ်တာပေါ့နော်။ ကိုယ့်ငွေနဲ့ ကိုယ်သုံးပြီး အသေခံရမှာ” လို့ ပြောပါတယ်။

ကျည်ကာအင်္ကျီ မဝယ်နိုင်တဲ့ လူငယ်တွေကိုတော့ စစ်ကောင်စီတပ်က လစာငွေထဲကနေ ဖြတ်ယူထားပြီး အညံ့စား ၁ ထည်ပေးတာလည်းရှိတယ်လို့ သိရပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “ကျည်ကာအင်္ကျီဆိုတာက တပ်ဘက်က အဆင်ပြေသလို စီစဉ်ပေးရတာ။ အခမဲ့ ထုတ်မပေးတာကို လုံးဝနားမလည်ဘူး။ စစ်မှုထမ်း ဆိုတာကလည်း သူ(စစ်ကောင်စီ)က ခေါ်တာပဲလေ။ ကျည်ကာအင်္ကျီက တပ်သားတိုင်းအတွက် အရေးပါတယ်။ ဒါကို လုပ်ရက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်း အပါအဝင် စစ်မှုထမ်းမယ့် တပ်သားသစ်တယောက်ကို အနည်းဆုံးလစာ တလကို ကျပ် ၅ သိန်းပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ လစာ ၁၄၀,၀၀၀ အထိပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၁၁ အထိရှိလာပေမယ့် လစာမရသူတွေလည်း ရှိနေပြီး ရိက္ခာအတွက်လည်း စီစဉ်ပေးတာမရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013