Home
မြန်မာသတင်း
မန္တလေးနှင့် စစ်ကိုင်းတိုင်းက ကျေးရွာများကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၂၀ ခန့်သေဆုံး
DVB
·
May 11, 2025
Pboto : Wetlet Information Network

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၁၀ ရက်နေ့ တရက်တည်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၂၀ လောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

Wetlet Information Network ရဲ့ တာဝန်ခံ ကိုနဂါလေး က “တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်မှာ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဇရပ်ကွင်းရွာကိုဗုံး ၁ လုံးကြဲပြီး ၅ မိနစ်လောက်ခြားပြီးမှ စဉ့်ကူးမြို့နယ်ထဲက ကျည်‌‌တောက်ပေါက်ရွာကို ဗုံး ၁ လုံးထပ်ချတာ။ မိနစ်ပိုင်းလေးပဲခြားတယ်။ ဗုံးကြဲတဲ့လေယာဉ်က ၁ စင်းတည်းရယ်။ စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်က ရွာတော်ကုန်းရွာကတော့ ညနေ ၄ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။

ရွာတော်ကုန်းရွာအနီးကို ညနေ ၄ နာရီ ၄၅ မိနစ်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝက်လက် ဒေသခံ တယောက်က “တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချသွားတယ်ဗျ။ အဲဒီလို ကြဲချလို့ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက် နေရာတင်ပွဲချင်ပြီး သေဆုံးခဲ့ရတယ်။ နောက်ထပ် အမျိုးသမီး ၁ ယောက်လည်း ပျောက်ဆုံးနေတယ်။ ဗုံးမှန်ပြီး တစစီ ဖြစ်သွားတာလားတော့ မသိရသေးဘူး။ အလောင်းလည်း ရှာမတွေ့သေးဘူး။ အလောင်းကောက်ရတဲ့ ၈ ယောက်ကတော့ သင်္ချိုင်းကုန်းကို ပို့ဆောင်ထားတယ်။ အဲဒီလိုပို့ပြီး ကိစ္စကုန်ဖို့ လုပ်နေတဲ့အချိန် လေယာဉ်ထပ်ဝဲလို့ လူစုခွဲပြီး ခဏရှောင်လိုက်ရသေးတယ်” လို့ ပြောပါတယ်။

ရွာတော်ကုန်း‌ကျေးရွာဟာ ရွာသာကြီးရွာနဲ့ လှတောရွာကြားက လူနေအိမ် ၂၀၀ နီးပါးရှိတဲ့ ရွာဖြစ်ပြီး ဗုံးကြဲခံရလို့ လူနေအိမ် ၆ လုံး၊ စပါးကျီ ၁ လုံး၊ ဆီခုံ ၁ ခုံ၊ ဆိုင်ကယ် ၁ စီးနဲ့ ရေစုပ်စက် ၁ လုံး မီးလောင်သွားတယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကိုလည်း ဗုံးကြဲခဲ့လို့ ရွာသား ၅ ယောက်သေဆုံး၊ ၁၀ ယောက်ကျော်ဒဏ်ရာရပြီး အိမ် ၃ လုံးလောက်ပျက်စီးတယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီ က DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်တောင်ခြမ်းက ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁ ယောက်သေဆုံး၊ ၁၀ ယောက် ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြသလို လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ကျည်‌‌တောက်ပေါက်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး အဲဒီရွာတွေမှာ မြေပြင်တိုက်ပွဲတွေမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း စခန်းချနေထိုင်တာမရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စဉ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိ က “ကျည်‌‌တောက်ပေါက်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲမှာ ကလေးငယ်တွေအပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးပြီးတော့ ဒဏ်ရာအပြင်းအထန်ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်း ရှိနေသေးပါတယ်။ လူနေအိမ်တွေလည်း ၅ လုံးလောက်ပျက်စီးခဲ့တာပါ။ စစ်တပ်က ဒီလကုန်အထိအပစ်ရပ်ထားတယ်လို့ ကြေညာထားပြီး တိုက်ပွဲဖြစ်တာမရှိတဲ့ရွာတွေကို ပြည်သူကိုပစ်မှတ်ထားပြီး ပြည်သူတွေကို သတ်ဖြတ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို အကြောင်းမဲ့ဖျက်ဆီးနေတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မေ ၆ ရက်ကနေ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို တတိယအကြိမ်သက်တမ်းတိုးထားပေမယ့် ပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကို နေ့တိုင်းလုပ်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013