Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်ကို အသားငါးပို့ခွင့် စစ်ကောင်စီ ပိတ်ပင်
DVB
·
May 11, 2025

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်က စားသောက်ကုန်ရောင်းချတဲ့ ဈေးကားတွေအနေနဲ့ တနင်္သာရီမြို့နယ်ကို အသားငါးရောင်းချခွင့် စစ်ကောင်စီက ပိတ်လိုက်ပြီး ကားသမားတွေကိုလည်း ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ ကားသမားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၉ ရက်နေ့ မနက်ပိုင်းက တနင်္သာရီမြို့နယ်ဘက် စားသောက်ကုန်ရောင်းဖို့ လာတဲ့ကားတွေကို ပသောင်းကျေးရွာအုပ်စုက ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်က ဖမ်းဆီးလိုက်ပြီးနောက် အသား၊ ငါးတွေ ရောင်းချခွင့် ၃ လ  ပိတ်ခဲ့တယ်လို့ မျက်မြင်တွေ့လာရတဲ့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“မနက်ပိုင်းက မြိတ် ဆင်းလာတာ၊ ကြေးနန်းတိုင်မှာ ငါးကား‌‌တွေ ဖမ်းထားတာ တွေ့တော့ မြိတ်ရောက်မှ ဖုန်းဆက်ပြီး လိုက်မေးကြည့်တော့ သိလိုက်တာပါ။ အသား၊ ငါး ရောင်းတဲ့ကားတွေကို အဓိက ပိတ်တာပါ။ အသား၊ ငါးမှ မဟုတ်ဘူး။ ငါးပုံးအလွတ်တွေတောင် မတင်လာနဲ့လို့ ပြောလိုက်တယ်တဲ့”

ဒီမတိုင်ခင်က တနင်္သာရီမြို့နယ်ဘက်ကို အသား၊ ငါးတွေ အကန့်အသတ်နဲ့ပဲ တင်ဆောင်ခွင့် ပေးထားတာဖြစ်ပြီး ကားသမားတွေက စစ်ဆေးရေးဂိတ်တွေကို ဂိတ်ကြေးပေးပြီး သွားလာနေခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ ဈေးရောင်းချခွင့်ပိတ်တယ်ဆိုတာ သိရှိကြောင်း ခံဝန်ထိုးထားတဲ့ ကားတွေကိုပဲ ဖြတ်သွားခွင့်ပေးတယ်လို့ တနင်္သာရီဒေသခံတယောက်က ပြောပါတယ်။

“သားငါးတွေပဲ တင်ခွင့်မရတော့ဘူး။ ကားတွေက သွားလာလို့ရ သေးတယ်။ စားစရာတွေပဲ ဖြတ်တာပေါ့။ စားဖို့တောင် ဝယ်ယူလာရင် အဆင်မပြေလောက်ဘူး။ ကြေးနန်းတိုင်ဂိတ်က စစ်ဆေးကြမ်းတယ်”

မြိတ်-တနင်္သာရီ ကားလမ်းပိုင်းက လသာ၊ တောင်ပုနဲ့ မဇောကျေးရွာတို့မှာ စစ်‌ကောင်စီဂိတ် အထိုင်ချထားလိုက်တဲ့ အချိန်ကလို့ ပိုဆိုးလာပြီးနောက် တနင်္သာရီမြို့နယ်ဘက်ကလာတဲ့ ကားတွေနဲ့ ခရီးသွားပြည်သူတွေကို အတင်းအကျပ် စစ်ဆေးနေတာကြောင့် မဖြစ်မနေ သွားဖို့လိုတဲ့ အချိန်ကလွဲပြီး မြိတ်ဘက်ကို ခရီးသွားလာတာမျိုး လုပ်လေ့မရှိကြတော့ဘူးလို့ တနင်္သာရီဒေသခံ ပြည်သူတွေက ဆိုပါတယ်။

အခုနှစ်အစောပိုင်းကစလို့ စစ်ကောင်စီက တနင်္သာရီမြို့နယ်ဘက်ကို ဆန်နဲ့ တခြား စားသောက်ကုန်တွေကို အကန့်အသတ်နဲ့ပဲတင် ဆောင်ခွင့်ပေးပြီး ရိက္ခာဖြတ်တောက်နေတာကြောင့် ဆန်တအိတ်ကို ၁၄၀,၀၀၀ ကျပ်အထိ ပေးဝယ်နေရသလို စားသုံးဆီ ဈေးနှုန်းတွေလည်း နှစ်ဆနီးပါးတက်လာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013