Home
နိုင်ငံတကာ
အီရန်က လောင်စာဆီခဲသုံး ပဲ့ထိန်းဒုံးကျည်အသစ် ပြသ
DVB
·
May 6, 2025
Photo: POOL via WANA

အီရန်နိုင်ငံဟာ အကွာအဝေး ၁,၂၀၀ ကီလိုမီတာထိ ပစ်ခတ်နိုင်တဲ့ ကက်ဆမ် ဘာဆီယာ လို့ခေါ်တဲ့ လောင်စာဆီခဲသုံး ပဲ့ထိန်းဒုံးကျည်အသစ်ကို ထုတ်ပြခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဒုံးကျည် ထုတ်ပြ မိတ်ဆက်မှုအပြီးမှာပဲ အီရန်ကာကွယ်ရေးဝန်ကြီး အဇစ်ဇ် နာဆီးဇက်ဒေက တိုက်ခိုက်မှုအကြောင်းပေါ်လာခဲ့ရင် အီရန်ဟာ အင်အားနဲ့တုံ့ပြန်ဖို့ အဆင်သင့်ပဲလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရန်လို ရန်စမှု မရှိပေမဲ့ ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းတွေကို တီဟီရန်ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်မှာဖြစ်ကြောင်း နာဆီးဇက်ဒေက ပြောပါတယ်။

ယီမင်နိုင်ငံမှ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အထဲက နောက်ဆုံးတခုဖြစ်တဲ့ မေ ၄ ရက်က ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ရာမှာ အစ္စရေးရှိ ဘန်ဂူရီယွန် နိုင်ငံတကာလေဆိပ်အနီးကို ကျရောက်ခဲ့ပြီး ဒါဟာ ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ တဖက်တည်းရှိကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဟူသီတွေက ပြောပါတယ်။

ဒီလုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကတိပြုခဲ့ပါတယ်။

အီရန်မဟာမိတ် ဟူသီတွေဟာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပစ်လွှတ်နေတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ယီမင်ရှိ ဟူသီတွေရဲ့ အမာခံစခန်းတွေကို မတ် ၁၅ ရက်ကတည်းက တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူတို့ရဲ့တိုက်ခိုက်မှုတွေအတွက် အီရန်ကို တာဝန်ယူခိုင်းမယ်လို့ အခိုင်အမာ ပြောထားတာဖြစ်ပါတယ်။

ယီမင်ရှိ ဟူသီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အီရန်အပေါ် စွပ်စွဲပြောဆိုမှုတွေနဲ့  တိုင်ကြားချက်တွေ အားလုံးဟာ အခြေအမြစ် မရှိတဲ့အပြင် ဂါဇာနဲ့ ပါလက်စတိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေတဲ့ ဒေသတွင်း တကယ့်ပြဿနာကို ဖုံးကွယ်ပြီး အာရုံလွှဲပစ်ဖို့ အဓိကရည်ရွယ်နေတာ ဖြစ်ကြောင်းနဲ့ လတ်တလော ဟူသီတိုက်ခိုက်မှုတွေနဲ့ ဘာဆက်စပ်မှုမှ မရှိကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မိုင်း ဘဂ်ဟာရီက မေ ၅ ရက်က တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013