Home
နိုင်ငံတကာ
အီရန် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို ဆန့်ကျင်ဟု သမ္မတ ထရမ့်ပ် ပြော
DVB
·
April 20, 2025
Photo : Reuters

အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို ဆန့်ကျင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်အနေနဲ့ တီဟီရန်ကို အရပ်ဘက် နျူကလီးယား အစီအစဉ်ကို ဆက်ထိန်းထားဖို့ စဉ်းစားမလားလို့ သောကြာနေ့မှာ သတင်းထောက်တွေက မေးမြန်းရာမှာ ထရမ့်ပ်က သူဟာ အီရန်ကို နျူကလီယားလက်နက် ပိုင်ဆိုင်ဖို့မဟုတ်ဘဲ အီရန်ကို ကြီးပွားချမ်းသာပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံ ဖြစ်စေချင်တာလို့ သတင်းထောက်တွေကို ပြန်ဖြေကြားသွားတာပါ။

အီရန်မှာ နျူကလီးယားလက်နက် ရှိတယ်ဆိုရင် အားလုံးက သိပ်စိတ်ချမ်းသာမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။ သူဟာ အီရန်ကို နျူကလီးယား မရှိအောင် ရပ်တန့်ခဲ့သေးတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

“သူတို့ကို ရပ်တန့်နိုင်ခဲ့ရင် ဟားမတ်စ်အတွက် ပိုက်ဆံမရှိဘူး၊ ဟစ်ဇ်ဘိုလာ အတွက်လည်း ဘာမှမရှိဘူး၊ အောက်တိုဘာ ၇ ရက် အန္တရာယ်လည်း ဖြစ်မှာမဟုတ်ဘူး။ သူတို့မှာ ပိုက်ဆံမရှိရင် အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် ငွေသုံးစွဲမှာ မဟုတ်ဘူး” လို့လည်း ထရမ့်ပ်က ပြောဆိုပါတယ်။

အီရန်နိုင်ငံဟာ သူ့ရဲ့ ယူရေနီယံ သန့်စင်မှုဆိုင်ရာ ကန့်သတ်ချက်တချို့ကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်က ဆွေးနွေးပွဲမှာ အမေရိကန်ကို ပြောကြားခဲ့ပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က နျူကလီးယား သဘောတူစာချုပ်ကို နောက်တကြိမ် အပြစ်ရှာ ရှောင်လွှဲကာ စွန့်ပစ်တော့မှာ မဟုတ်ဘူး ဆိုတဲ့ အာမခံချက် လိုအပ်ကြောင်း အီရန်အကြီးတန်းအရာရှိ တယောက်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်က နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ သဘောတူညီချက် မရရှိခဲ့ရင် အီရန်ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပြီး နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းကြောင်း အီရန်က ပြောပေမဲ့ အနောက်နိုင်ငံတွေကတော့ ဒါဟာ အဏုမြူဗုံး တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ ဆိုကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013