Home
မြန်မာသတင်း
စစ်တပ်အတွင်း နှိပ်စက်ခံရပြီး ထွက်ပြေးလာသည့် တပ်သားသစ် ၁ ဦး အလင်းဝင်
DVB
·
May 1, 2025
Photo: မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စစ်ကောင်စီတပ်ထဲကနေ ထွက်ပြေးလာတဲ့ တပ်သားသစ် တယောက်ဟာ ဧပြီ ၂၈ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဧပြီ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ စလင်းအခြေစိုက် ခလရ ၂၅၅ ထဲကနေ ထွက်ပြေးလာရင်း ကျနော်တို့ ပွိုင့်ကင်းအဖွဲ့နဲ့တိုးပြီး အလင်းဝင်ရောက်လာတာပါ။ လက်နက်ခဲယမ်းတွေ ပါမလာပါဘူး။ ကြိုတင်ချိတ်ဆက်ထားတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။

အဆိုပါ ထွက်ပြေးလာသူဟာ အသက် ၂၆ နှစ်အရွယ် ကိုစိုင်းစိုင်း (ပစ/၁၄၀၆၄၃) ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ စစ်ကောင်စီလက်အောက်ခံတွေရဲ့ မတရား ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူ ဖြစ်ပါတယ်။

ကိုစိုင်းစိုင်းဟာ ပေါ်တာဆွဲခံရပြီး ဟိုပင်မြို့နယ်က စစ်သင်တန်းကျောင်းမှာ ၂၀၂၅ ဇန်နဝါရီလအထိ ၆ လကြာ စစ်သင်တန်းတက်ခဲ့ရပြီးနောက် ခလရ ၂၅၅ တပ်ထဲကို ပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက “သူ့ဇာတိက မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကုန်းကျေးရွာကပါ။ အမရပူရမြို့ပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတယ်။ ခလရ ၂၅၅ တပ်ထဲကို အပို့ခံရတာ မကြာသေးဘူး။ ၂ လလောက်ပဲ ရှိသေးတယ်။ တပ်တွင်းထဲမှာ မတရားညှဉ်းပန်းနှိပ်စက်တာတွေကို မခံနိုင်တော့လို့ အရဲစွန့်ပြီး ထွက်ပြေးလာတာ။ သူ့ကိုယ်မှာ တပ်တွင်းထဲတုန်းက နှိပ်စက်ခံခဲ့ရတဲ့ဒဏ်ရာတွေ ပါလာလို့ ကျနော်တို့တွေဘက်ကနေ ဆေးကုပေးထားရတယ်။ သူကတော့ မိသားစုဆီ ပြန်ချင်တယ် ပြောတယ်။ ဒါပေမဲ့ သူတို့နယ်မြေ အခြေအနေကို မသိရသေးတာကြောင့် တပ်ဖွဲ့အချင်းချင်း ချိတ်ဆက်မေးမြန်းနေဆဲ ဖြစ်နေလို့ လက်ရှိတော့ သူ့ကို ကျနော်တို့တပ်ရင်းထဲမှာပဲ ထိန်းသိမ်းပေးထားတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီကို အလင်းဝင် ခိုလှုံလာကြသူတွေဟာ ကိုစိုင်းစိုင်း အပါအဝင် ၁၂ ယောက်အထိ ရှိလာပြီလို့လည်း သိရပါတယ်။

မင်းဘူးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသူတွေ အနေနဲ့လည်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီကို အမြန်ဆုံးဆက်သွယ် အလင်းဝင်ရောက် ခိုလှုံကြဖို့နဲ့ လက်နက်တွေ ယူဆောင်ခဲ့ရင်လည်း ထိုက်တန်တဲ့ဆုကြေးငွေ ပေးအပ်ပြီး ဘဝရှေ့ရေးအတွက် အေးအေးချမ်းချမ်း နေထိုင်နိုင်ကြဖို့ စီစဥ်ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013