Home
မြန်မာသတင်း
စလင်းမြို့နယ်တွင် တပ်သားသစ် ၃ ဦး အလင်းဝင်
DVB
·
April 23, 2025

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သားသစ် ၃ ယောက်ဟာ ဧပြီ ၂၀ ရက်က အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ ဒေါင်းစစ်အောင် (LPDF) ဆီကနေ သိရပါတယ်။

ဒေါင်းစစ်အောင် (LPDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “စလင်းအခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက တပ်သားသစ် ၃ ယောက် အလင်းဝင်လာခဲ့တာပါ။ အခြေအနေ အကြောင်းကြောင်းကြောင့် လက်နက်တွေတော့ ယူဆောင်မလာနိုင်ခဲ့ကြပါဘူး” လို့ ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာကြသူတွေဟာ နေ‌ပြည်တော်နဲ့ စစ်ကိုင်းတိုင်းတွေထဲကနေ စစ်ကောင်စီတပ်တွေရဲ့ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ကြရတာလို့ ဆိုပါတယ်။

“သူတို့တွေရဲ့နောက်မှာ ကျန်ခဲ့ကြတဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့်မို့လို့ နာမည်တွေ၊ နေရပ်တွေကို သတင်းထုတ်ပြန်တဲ့အခါမှာ လျှို့ဝှက်ပေးထားရတာ” လို့ ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေး က DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေကို နေထိုင်စားသောက်ရေးတွေအတွက် အဆင်ပြေအောင် စီစဥ်ပေးထားပြီး နောက်ထပ် အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီ လက်အောက်ခံတွေကိုလည်း အမြန်ဆုံးအလင်းဝင်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ တပ်ရင်းက အသက် ၂၀ ကျော်အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ဆီကို အလင်းဝင်ရောက်ခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013