Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်နေသည့် စစ်ကောင်စီက အပစ်ရပ်ကာလ ထပ်တိုးကြောင်း ကြေညာ
DVB
·
April 22, 2025

လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် အဆက်မပြတ် ပြုလုပ်နေတဲ့ စစ်ကောင်စီက ဧပြီ ၂၂ ရက်မှာ ယာယီအပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

မတ် ၂၈ ရက်က အင်အားကြီးမားတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တလ ယာယီအပစ်အခတ်ရပ်မယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီး နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံတဝန်း ဆက်တိုက်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ မတ် ၁၉ ရက်မှာပဲ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲ လူစည်ကားရာ ဈေးတခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

အလားတူ အခုရက်သတ္တပတ်ထဲမှာပဲ စစ်ကိုင်းတိုင်း ရွှေဘို၊ စဉ့်ကူး၊ မတ္တရာနဲ့ မွန်ပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား စုစုပေါင်း ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

DVB က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မတ် ၂၈ ရက်မှ ဧပြီ ၂၁ ရက်အထိ စစ်တပ်က တိုက်ခိုက်မှုအကြိမ်ရေ ၂၈၀ ပြုလုပ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၂၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒီလိုကာလမှာပဲ စစ်ကောင်စီက မူလထုတ်ပြန်ထားတဲ့ အပစ်ရပ်ကာလ ဧပြီ ၂ ရက်ကနေ ၂၂ ရက် အထိကနေ ဧပြီ ၃၀ အထိ ယာယီအပစ်ရပ်ကာလ ထပ်တိုးတယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်စခန်းကို တိုက်ခိုက်တာ၊ နယ်မြေချဲ့ထွင်တာ၊ အင်အားစုဆောင်းတာနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တာတွေလုပ်ရင် တုံ့ပြန်မယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013