Home
မြန်မာသတင်း
ကျောက်ပန်းတောင်းတွင် စစ်တပ်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်းသေ
DVB
·
April 30, 2025
KPDG30042025

မန္တလေးတိုင်း၊ ကျောင်ပန်းတောင်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်နေ့ကနေ ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း ၂ ယောက် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ Popa Guerilla Force(PGF)တပ်ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ဧပြီ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

PGF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ငါ့သရောက်မြို့နယ်ခွဲရဲစခန်းကနေ ပုပ္ပားတောင်ရဲ့ အရှေ့ဘက် မိုင် ၂၀ လောက်ကို အင်အား ၁၂၀ လောက်နဲ့ထွက်လာတဲ့စစ်ကြောင်းက သူတို့ စစ်ကြောင်းထိုးတဲ့ လမ်းမှာရှိတဲ့ရွာတွေမှာ တညအိပ်တပ်စွဲပြီးတော့ ဆက်ထွက်လာတဲ့အခါမှာ ကျနော်တို့ PGF တပ်ဖွဲ့နဲ့ 21 Bagan တပ်ဖွဲ့တို့ပူးပေါင်းထားတဲ့ ရှေ့ပြေးကင်းတပ်စိပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့မှာ ငါ့သရောက်မြို့နယ်ခွဲရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တောပြားကျေးရွာနဲ့ တံတားကျေးရွာမှာ ၁ ညအိပ်တပ်စွဲပြီး ဧပြီ ၂၇ ရက်နေ့ မနက်စောပိုင်းမှာ တောင်ခမောက်ကျေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးနေတုန်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

PGF တပ်ဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုဗျတ္တ က “ရှေ့ပြေးကင်းတပ်စိပ်နဲ့ မနက် ၇ နာရီလောက်မှာ ထိတွေ့စဖြစ်တယ်။ တိုက်ပွဲ ၁ နာရီခွဲလောက် ကြာတော့ ကျည်ပြတ်သွားလို့ပြန်ဆုတ်လာကြရင်းနဲ့ နောက်က မဟာမိတ်စစ်ကူတွေရောက်လာကြလို့ တိုက်ပွဲက နာရီဝက်လောက် ထပ်ကြာသွားသေးတယ်။ သူတို့ဘက်က အထိနာလို့ လေကြောင်းပစ်ကူတွေရောက်လာတာနဲ့ ကျနော်တို့တွေ ပြန်ဆုတ်ပေးခဲ့ကြတယ်။ အဲဒီမှာ သူတို့စစ်ကြောင်းကလည်း ပြန်ဆုတ်သွားပြီး တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတဲ့ တောင်ခမောက်ရွာထဲဝင်ပြီး တညတပ်စွဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးကုကြတယ်” လို့ DVB ကို ပြောပါတယ်။

နောက်နေ့မနက်မှာ စစ်ကြောင်းပြန်ထွက်သွားချိန် အဲဒီရွာထဲကနေ အိမ်တွေကို မီးရှို့သွားကြတာကြောင့် အိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုဗျတ္တ က “တိုက်ပွဲဖြစ်တဲ့နေရာတွေကို နယ်မြေရှင်းလင်းရေးတွေလုပ်တော့ ရဲတပ်ကြပ် ၁ ယောက် အပါအဝင် အလောင်း ၅ လောင်းတွေ့တယ်။ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေလည်းရခဲ့တယ်။ အရှင်ဖမ်းမိတဲ့သုံ့ပန်း ၂ ယောက်က​တော့ တိုက်ပွဲထဲမှာသူတို့ဘက်က ဒဏ်ရာရသူ ၄၃ ဦး အထိ ရှိခဲ့တယ်ပြောတယ်။ အဲဒီထဲမှာ အရာခံဗိုလ် ၁ ယောက်အပြင် အပြင်းအထန် ဒဏ်ရာရတဲ့သူများတယ်တဲ့” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထောက်ရှာကျေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးနေတုန်း မနက် ၉ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီဝန်းကျင်အထိ တနေကုန်နီးပါး တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ၆ ကြိမ်ထက်မနည်း တိုက်ခိုက်သွားလို့ PGF တပ်ဖွဲ့ဘက်ကရဲဘော် ၁ ယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေအတွင်းကနေ M22 သေနတ် ၂ လက်၊ Equipment ၁ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ စ‌ကားပြောစက်  ၄ လုံး၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၈၀ နဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကို Popa Guerilla Force(PGF) တပ်ဖွဲ့နဲ့အတူ ပုဂံပြည်ဘီလူးတပ်၊ 21 Bagan တပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ ရန်ကြီးအောင်တပ်ဖွဲ့၊ မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpions People Defend Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ လို့လည်း သိရပါတယ်။

Photo : PGF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013