Home
မြန်မာသတင်း
မန္တလေးတွင် ပြိုကျအဆောက်အအုံများအောက်မှ လက်ဝတ်ရတနာများရှာဖွေ ရောင်းချ
DVB
·
April 30, 2025
Photo: Oo Tu

မန္တလေးမြို့မှာ အင်အားပြင်းငလျင်ကြီးကြောင့် ပြိုကျသွားခဲ့တဲ့အဆောက်အအုံတွေ အောက်ကနေ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ရှာဖွေကာ ပြန်လည်ရောင်းစားသူတွေ အများအပြားရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ သာသနိက အဆောက်အအုံတွေ ကွန်ဒိုတိုက်ခန်းတွေ၊ အထပ်မြင့်တိုက်တွေ၊ ဟိုတယ်တွေ အပါအဝင် လူနေအိမ်တွေအများအပြား ပြိုကျခဲ့ပြီး ပြိုကျအဆောက်အအုံတချို့မှာ  လက်ဝတ်ရတနာတွေ ရှာဖွေတွေ့ရှိနေတာလို့ ဆိုပါတယ်။ 

မန္တလေးမြို့ခံ အမျိုးသမီးတယောက်က “အဆောက်အဦးတွေက မနည်းပျက်စီးခဲ့တာ။ အခုက ဖြိုချဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာတွေမှာ ရှာဖွေနေတာ။ လက်စွပ်တွေ၊ လက်ကောက်တွေ ရကြတဲ့သူတွေရှိတယ်။ ရှာဖွေတဲ့သူတွေလည်း တနေ့တခြား များလာတယ်''လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့် မန္တလေးမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့အများစုက ပြိုကျအဆောက်အအုံ အောက်ကနေ တွေ့ရှိတဲ့ လက်ဝတ်ရတနာတွေ၊ ငွေသားတွေ၊ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေ၊ အရေးကြီး စာရွက်စာတမ်းတွေကို သက်ဆိုင်တဲ့ပိုင်ရှင်တွေထံ စနစ်တကျစစ်ဆေးကာ ပြန်လည်လွှဲပြောင်း အပ်နှံပေးနေတယ်လို့ ဆိုပါတယ်။ 

ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က ''ပရဟိတအဖွဲ့တွေ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိတဲ့ တန်ဖိုးကြီး ပစ္စည်းမှန်သမျှကိုတော့ ပိုင်ရှင်အစစ်ဖြစ်တယ်လို့ စစ်ဆေးရရှိတဲ့သူတွေဆီ ပြန်လည်အပ်ပေးနေတယ်။ အခု လက်ဝတ်ရတနာတွေ ရှာဖွေနေတဲ့ နေရာကသီးသန့် ပြန်စွန့်ပစ်ထားတဲ့ မြေပုံတွေကနေရှာနေကြတာလို့သိရပါတယ်။ အန္တရာယ်တော့ သတိပြု ရှာဖွေကြပေါ့နော်။ အလကား ဖြစ်မယ့်အတူတူ တွေ့ရှိလို့ရှောင်းစားတော့လည်း ကွယ် လွန်သူတွေရဲ့  ပစ္စည်းတွေဆို အလကားမဖြစ်တော့ဘူးပေါ့''လို့ ပြောပါတယ်။ 

လက်ရှိငလျင်ဒဏ်သင့် ပြိုကျမြေပုံတွေထဲကနေ လက်ဝတ်ရတနာရှာဖွေသူတွေများ လာတာကြောင့် စစ်ကောင်စီက တင်းကျပ်တဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္ထလေးမြို့မှာ ရဟန်း၊ သံဃာ ၊ သီလရှင်တွေနဲ့ ဒေသခံ အရပ်သားတွေအပါအဝင်  လူအယောက် ၂၅၀၀ ကျော်သေဆုံးခဲ့ပြီး  မန္တလေးကျုံးအပါအဝင် ရှေးဟောင်းအဆောက်အအုံနဲ့ သာသနိကအဆောက်အအုံ တွေလည်း ထောင်ချီပျက်စီး ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013