
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းရွာက ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးပဉ္စင်းနဲ့ ဒါယကာကို သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းက ရဲဘော်တယောက်ကို လူသတ်မှုနဲ့ အရေးယူထားတယ်လို့ ကရင်ပြည်ရဲဌာန KSP ရဲ့ ဒုရဲချုပ် ၂ ကိုဘိုဘိုက ဧပြီ ၂၇ ရက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက်က ဆရာတော် ဦးဓမ္မသာရ ခေါ် ဦးပဥ္စင်းပိန်နဲ့ ဒါယကာ စိုင်းအိုက်ပီးတို့ ဘုန်းကြီးကျောင်းထဲမှာ ရှိနေချိန် သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်မိကြောင်းကိုလည်း ပျားစစ်ကြောင်းက ဝန်ခံထားပါတယ်။
ပစ်ခတ်ခဲ့တဲ့ ရဲဘော်ကို ကရင်နီပြည် ရဲဌာန၊ အမှတ် ၁၁ ရဲစခန်း (ပ) ၂ / ၂၀၂၅ နဲ့ ဧပြီလ ၁ ရက်နေ့က စတင်စစ်ဆေးပြီးတဲ့နောက် ဧပြီ ၁၁ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ -၃၀၂ အရ ပြည်နယ်တရားရုံးမှာ တရားစွဲထားတယ်လို့ သိရပါတယ်။
ဒုရဲချုပ် ၂ ကိုဘိုဘိုက “စစ်ဆေးပေါ်ပေါက်ချက်အရ ဒီရဲဘော် တဦးတည်းကနေ သူ့ရဲ့ သေနတ်တလက်ထဲကနေ အသတ်ခံရသူ ၂ ဦးလုံးကို ပစ်ခဲ့တာ ဖြစ်တဲ့အတွက် အဲဒီရဲဘော်ကို ကျနော်တို့ တရားစွဲတင်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ ရဲဘော်ကို ကရင်နီပြည်ရဲဌာနရဲ့ အမှတ် ၁၁ ရဲစခန်းမှာ ရမန်ယူ ထိန်းသိမ်းထားပြီး ပြစ်ဒဏ်ကျခံရမယ့်နှစ်ကိုတော့ စစ်ဆေးနေဆဲဖြစ်လို့ အတိအကျပြောဖို့ ခက်သေးတယ်လို့ ဆိုပါတယ်။ ပုဒ်မ ၃၀၂ အရဆိုရင် အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ရှိတယ်လို့ သိရပါတယ်။