Home
မြန်မာသတင်း
ဖယ်ခုံ သိကျိတ်ကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ဒေသခံ ၂ ဦး ဒဏ်ရာရပြီး နေအိမ်ချို့ပျက်စီး
DVB
·
April 11, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသထဲက သိကျိတ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးပြီး ဒေသခံ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိကျိတ်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဧပြီ ၁ဝ ရက် ည ၁၁ နာရီ ၄၅ မိနစ်မှာ လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃ လုံး ပျက်စီးပြီး နေအိမ်ပိုင်ရှင် လင်မယား ၂ ယောက် ထိခိုက်မိခဲ့တာပါ။

သိကျိတ်ကျေးရွာ ဒေသခံတယောက်က “မနေ့က ကယန်းအမျိုးသားနေ့ လုပ်တာပေါ့နော်။ ညသန်းခေါင်မှာကျတော့ လေယာဥ်လာကြဲသွားတာပေါ့။ လက်ရှိ အိမ်ထိတာက ၃ အိမ်လောက် ရှိတယ်။ အနီးမှာကျတဲ့ တလုံးကတော့ လင်မယား ၂ ယောက်မှာ ယောကျ်ားတယောက်ကတော့ ပိုများများ ဒဏ်ရာရတယ်။ မိန်းမလည်း ပွန်းပဲ့ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဧပြီ ၁၀ ရက် နေ့လယ်ပိုင်းမှာ ၂၅ နှစ်မြောက် ကယန်းအမျိုးသားနေ့ကို ကျင်းပခဲ့ပြီးတဲ့နောက် ညအချိန်မှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ငလျင်ကြောင့် ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေရှိရာ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013