
ငလျင်ဒဏ်သင့် နေပြည်တော်မှာ ဝါးထရံလိပ် တချပ်ကို ကျပ် ၄၀၀၀၀ အထိ ဈေးမြင့်တက်နေတယ်လို့ မိုးရာသီ မရောက်မီ နေအိမ်တွေ ပြင်ဆင်ဖို့နဲ့ ယာယီအိမ်ဆောက်ဖို့ အခက်အခဲရှိနေတယ်လို့ နေပြည်တော်က ငလျင်ဒဏ်သင့် ဒေသခံတွေဆီကနေက သိရပါတယ်။
ငလျင်မလှုပ်မီ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းက နေပြည်တော်မှာ ၆ ပေ၊ ၁၅ ပေ ဝါးထရံလိပ်တချပ်ကို ကျပ် ၂၅,၀၀၀ အထိသာ ဈေးရှိခဲ့ပြီး ငလျင်လှုပ်ခဲ့ပြီးနောက် ဝါးထရံလိပ် တချပ်ကို ကျပ် ၄၀,၀၀၀ အထိ ဈေးတက်နေတာလို့ ဆိုပါတယ်။
ပျဉ်းမနားမြို့ခံတယောက်က “ဈေးက မမေးရဲလောက်အောင်ကို တက်နေတာ။ အကုန်တက် အကုန်တက်ဆိုတာချည်းပဲ။ အခု ယာယီတဲထိုးနေနေတယ်။ ဝါးထရံလိပ် ဈေးတက်နေလို့ ဝယ်မသုံးနိုင်သေးဘူး။ မိုးတွင်းဘက်ဆို ဝါးထရံလိပ်သုံးမှ အကာအတွက် လုံတာ။ ဒီလကုန်လောက် ဒါမှမဟုတ် မိုးမကျမီလောက်အထိ ဈေးစောင့်ကြည့်ဝယ်သုံးရမှာပဲ” လို့ ပြောပါတယ်။
လက်ရှိ ငလျင်ဒဏ်သင့် နေပြည်တော်မှာ ဝါးထရံလိပ် တချပ်ကို ကျပ် ၄၀,၀၀၀ အထိ ပေးနေရတာကြောင့် ငလျင်ဒဏ်သင့် အရပ်သားတွေဟာ ယာယီတဲထိုးကာရံ နေထိုင်ဖို့အတွက် အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
ပျဉ်းမနား အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဝါးဈေးတက်နေတော့ ဝါးထရံလိပ်ဈေးက တက်ချင်နေတာ။ ငလျင်က ဝင်လာတော့ ဈေးက ထိုးတက်သွားတာ။ ရက်လုပ်တဲ့ဆီကနေ အဆင့်ဆင့် သယ်ယူရတော့ အခက်အခဲတွေရှိတယ်။ အရင်ကလို ချက်ချင်းမှာ ချက်ချင်းမရဘူး။ အခုဆို နေပြည်တော်မှာက ဝါးထရံလိပ်တွေကို ရုံးဌာန ဆိုင်ရာတွေကပါ ယာယီရုံးတည်ဆောက်ဖို့ ဝယ်ယူနေတာ။ အခုက လိုချင်ရင် ကြိုမှာရတာ လိုသလောက်မရဘူး” လို့ ပြောပါတယ်။
လက်ရှိ နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ယာယီရုံးတွေ ဆောက်လုပ်ရာမှာ ဝါး၊ ဓနိ၊ ဝါးထရံတွေကို အသုံးပြုကာ ဆောက်လုပ်နေပြီး တာဝန်ရှိသူတွေက ဌာနဆိုင်ရာ ရုံးအဆောက်အအုံတွေအတွက် လုပ်ငန်းရှင်တွေအနေနဲ့ ဦးစားပေးရောင်းပေးဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ ဝါးထရံလိပ်ဈေး တက်နေတဲ့အပြင် ဓနိနဲ့ ဝါးဈေးတွေလည်း ပျမ်းမျှ ကျပ် ၁၀,၀၀၀ ကေန ၁၅,၀၀၀ အထိ ထပ်ဈေးတက်လာတယ်လို့ ဆိုပါတယ်။