Home
မြန်မာသတင်း
PNO ပြည်သူ့စစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် PNLO ထံ အလင်းဝင်
DVB
·
April 26, 2025

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေရဲ့ ရိုက်နှက်နှိပ်စက်တာမခံနိုင်လို့ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းနေရသူတယောက် လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၆ ရက်နေ့က M22 တလက်၊ ကျည်ဘောက် ၂ ဘောက်နဲ့ ခဲယမ်းတွေကိုယူဆောင် အလင်းဝင်လာတာဖြစ်ပြီး အလင်းဝင်လာချိန်မှာ ဒဏ်ရာတွေရနေတာကြောင့် ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

PNLO ပြန်ကြားရေးတာဝန်ရှိသူက “သူတို့အထက်လူကြီးတွေက သူတို့ကိုနှိပ်စက်တယ်ပေါ့လေ၊ တုတ်တွေနဲ့ရိုက်တယ်။ သူရခဲ့တဲ့ဒဏ်ရာလည်း အဲဒီအရိုက်ခံရတဲ့ဒဏ်ရာတွေ။ စစ်ကောင်စီနဲ့ လက်အောက်ခံတွေက ပြည်သူလူထုရဲ့ပစ္စည်းတွေ လုယက်တာမြင်တော့ သူတို့က မနေနိုင်တော့ဘူးပေါ့။ အဲဒါနဲ့ အလင်းလာဝင်တာပါ။ ကျနော်တို့ဆေးကုထားပြီး သွားလိုတဲ့နေရာကို ပို့ပေးတယ်၊ ပြီးတော့ သုံးစွဲဖို့ငွေကြေးတွေလည်း ထောက်ပံ့ပေးခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ လုယူတာတွေနဲ့ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ရသူတွေကို ရိုက်နှက်နှိပ်စက်တာတွေပြုလုပ်နေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေဆီက သိရတယ်လို့လည်း ပြောပါတယ်။

“ပအိုဝ်းအချင်းချင်းတွေက ရန်သူမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်သည်သာ တနိုင်ငံလုံးရှိ ပြည်သူလူထုတွေရဲ့ ရန်သူဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားကိုသိရှိနိုင်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်။”

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုမှာပေါ်တာဆွဲခံရပြီး PNO ပြည်သူ့စစ်အနေနဲ့ ရှေ့တန်းရောက်လာသူတယောက် လက်နက်နဲ့တကွ PNLO ဆီ အလင်းဝင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013