Home
မြန်မာသတင်း
ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အရေးပေါ်ပံ့ပိုးမှု ILO အရှိန်မြှင့် လုပ်ဆောင် 
DVB
·
April 25, 2025

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO) အနေနဲ့ မြန်မာပြည်သူတွေအတွက် အရေးပေါ်ပံ့ပိုးမှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ဧပြီ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

ILO အနေနဲ့ အင်အားပြင်းငလျင်ကြောင့် ရုတ်တရက်ဖြစ်ပေါ်တဲ့ ဘေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာပြည်မှာရှိတဲ့ အလုပ်သမားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ပံ့ပိုးပေးနိုင်ဖို့ စည်းရုံးလှုံ့ဆော်နေပြီး ရေရှည်လုပ်သားဈေးကွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်တွေကိုလည်း ဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ILO ဟာ ငလျင်ဘေးဒဏ်အပြီး အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်ရှင်အဖွဲ့အစည်းတွေကို ငွေကြေးပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လုပ်သားဈေးကွက် ပြန်လည်ထူထောင်ရေး နည်းဗျူဟာမှာ အရေးပေါ်အလုပ်အကိုင် ထိုးထွင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို ထည့်သွင်းစီစဉ်နေတယ်လို့လည်း သိရပါတယ်။

အဲဒီအစီအစဉ်တွေဟာ အသေးစားအခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံကိန်းတွေ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရေရှည်တည်တံ့တဲ့ အလုပ်အကိုင်တွေကို ဖန်တီးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ILO လက်ထောက်ညွှန်ကြားရေးမှူးချုပ်က “သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်၊ ရေရှည်တည်တံ့တဲ့ အလုပ်အကိုင်တွေကတဆင့် အသက်မွေးဝမ်းကြောင်းကို ပြန်လည်တည်ဆောက်ပြီး အလုပ်သမားနဲ့ အလုပ်ရှင် အပါအ၀င် မြန်မာနိုင်ငံ ပြည်သူတွေကို ပံ့ပိုးပေးတာက ကျမတို့ရဲ့ ဦးစားပေးအလုပ်ဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက ၅၇ မြို့နယ်ရှိ လူဦးရေ ၁၇ သန်းကျော်ဟာ မြေငလျင်ဒဏ်သက်ရောက်တဲ့ ဒေသအတွင်း တည်ရှိနေပါတယ်။

အဲဒီအထဲက လူဦးရေ ၉ ဒသမ ၁ သန်းကျော်ကတော့ မန္တလေးနဲ့ စစ်ကိုင်း အပါအဝင် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံရတဲ့ ဒေသတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြောင့် လူဦးရေ ၃,၆၀၀ ကျော် သေဆုံး၊ လူနေအိမ် ၄၈,၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ရပြီး အလုပ်သမား ထောင်သောင်းများစွာ ဝင်ငွေဆုံးရှုံးခဲ့ကြသလို အထိအနာဆုံးဖြစ်တဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရပ်ရွာလူမှုအသိုက်အမြုံ တော်တော်များများလည်း အခြေအနေမဲ့ဘဝ ရောက်ခဲ့ကြရတယ်လို့ ILO က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013