
ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား ထိန်းချုပ်ထားမှုအပေါ် ယူကရိန်းက လက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ သမ္မတ ဇလန်းစကီးဟာ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေကို ထိခိုက်အောင် လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝေဖန်လိုက်ပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ဟာ အင်မတန်မှ နီးကပ်နေပြီဖြစ်ပေမဲ့ ဇလန်းစကီးက အမေရိကန်ရဲ့ စည်းကမ်းချက်တွေကို လက်ခံဖို့ ငြင်းနေလို့ အချိန်ကြာနေရတာလို့ ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အိန္ဒိယ ရောက်နေတဲ့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က သဘောတူညီချက်အတွက် မျှော်မှန်းချက်ကို အမေရိကန်ဘက်က ချပြထားပြီးတော့ အဲဒီထဲမှာ နယ်နိမိတ်တွေကို ဒီကနေ့ အရှိတိုင်း ထားရှိဖို့ ပါတယ်လို့ ပြောထားပါတယ်။
ယူကရိန်းပြည်မကြီးကို မကျူးကျော်မီ ၂၀၁၄ ကတည်းက ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းထားခဲ့တာ ဖြစ်ပါတယ်။
ဗန့်စ်ကတော့ သဘောတူညီချက်ယူတယ်ဆိုတာ နှစ်ဖက်စလုံးက သူတို့ လက်ရှိပိုင်ထားတဲ့ နယ်မြေတချို့ကို စွန့်လွှတ်မှရမယ်လို့ ပြောထားပါတယ်။
ရုရှားက တရားမဝင်သိမ်းထားတဲ့ ခရိုင်းမီးယားကို အသိအမှတ်ပြုတာဟာ ဇလန်းစကီးအတွက် နိုင်ငံရေးအရ လက်ခံဖို့ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်သလို ကမ္ဘာစစ်နောက်ပိုင်း ဥပဒေထုံးတမ်းဖြစ်တဲ့ နယ်ခြားတွေကို အင်အားသုံးပြီး မပြောင်းလဲသင့်ဘူးဆိုတဲ့ အယူအဆနဲ့ ဆန့်ကျင်နေပါတယ်။
Source : Reuters