Home
နိုင်ငံတကာ
အပစ်ရပ်ပြီးလျှင် ရုရှားနှင့် ဆွေးနွေးရန် အသင့်ရှိဟု ဇလန်းစကီး ပြော
DVB
·
April 23, 2025
Photo: REUTERS/Alina Smutko

အပစ်အခတ်ရပ်စဲရေး အတည်ဖြစ်ပြီးရင် ရုရှားနဲ့ “ဘယ်လိုပုံစံ” မျိုးနဲ့မဆို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း လက်ရှိ ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားကျူးကျော်မှု ရပ်ထားမယ်လို့ ကမ်းလှမ်းထားတယ်လို့ Financial Times သတင်းစာက ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဘာမှ မဖြစ်မြောက်ရင် ကြားဝင်ညှိနှိုင်းမှုကနေ နုတ်ထွက်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့အပြီးမှာ နှစ်ဖက်စလုံးက စစ်ပွဲအဆုံးသတ်ရေး သဘောထားကို ပြသလာတာ ဖြစ်ပါတယ်။

“အပစ်အခတ်ရပ်စဲရေးပြီးရင်၊ အဲဒါနဲ့ဆုံးသွားတာမျိုး မဖြစ်အောင် ဘယ်လိုပုံစံမျိုးနဲ့မဆို စားပွဲဝိုင်းထိုင်ဖို့ ကျုပ်တို့ အသင့်ရှိပါတယ်” လို့ ဇလန်းစကီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်သွားမှသာ ငြိမ်းချမ်းရေးသဘောတူညီချက်တရပ်အတွက် သတ်မှတ်စည်းကမ်းတွေ ဆွေးနွေးနိုင်မှာဖြစ်သလို အရာရာတိုင်းကို မြန်မြန်ဆန်ဆန် သဘောတူဖို့ ခက်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း အပစ်ရပ်ရေး ညှိနှိုင်းဖို့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို လုပ်ပိုင်ခွင့် ပေးထားတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ပါရီမြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး နောက်ဆက်တွဲအဖြစ်  ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ လန်ဒန်မြို့မှာ ဥရောပနဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ဟာ ဒီတပတ်တည်းမှာ မော်စကိုကို ထပ်သွားပြီးတော့ ရုရှားသမ္မတနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။

ဗလာဒီမာ ပူတင်က ရှေ့တန်းစစ်မျက်နှာတလွှားမှာ ကျူးကျော်တိုက်ခိုက်မှုတွေ ရပ်ပေးပြီးတော့ ယူကရိန်းဒေသ ၄ ခုစလုံး အပြည့်အဝ ထိန်းချုပ်ခွင့်ရရေး တောင်းဆိုမှုကို ရုပ်သိမ်းဖို့ ကမ်းလှမ်းထားတယ်လို့ အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြပါတယ်။

ရုရှားဟာ ယူကရိန်းဒေသ ၄ ခုရဲ့ တစိတ်တပိုင်းသာ သိမ်းထားနိုင်တာဖြစ်ပေမဲ့ ငြိမ်းချမ်းရေးယူဖို့ဆိုရင် အဲဒီဒေသတွေက ယူကရိန်းတပ်တွေ ဆုတ်ပေးရမယ်လို့ မူလက တောင်းဆိုထားတာ ဖြစ်ပါတယ်။

တဖက်မှာလည်း ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားသိမ်းထားတာကို အသိအမှတ်ပြုပြီးတော့ ရှေ့တန်းစစ်မျက်နှာကို အရှိအတိုင်းထားပြီး ပြေငြိမ်းဖို့ အမေရိကန်ဘက်က အဆိုပြုထားတယ်လို့လည်း ဝါရှင်တန်ပို့စ်က ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013