Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
April 22, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၂၁ ရက် ညနေ ၄ နာရီခန့်က ဘန်းလမွတ်‌ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ ဝင်ရောက်နေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၃ တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းထဲကို ဒရုန်းနဲ့ချလိုက်တယ်။ ရမ်းဖိုမှာ စကစတွေအများကြီးပဲ၊ စကစတွေတော့ ပြန်ရမ်းပစ်တယ်။ ထိခိုက်မှုတော့ အသေးစိတ်မသိရသေးဘူး။” 

နောက်တရက် ဧပြီ ၂၂ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ ဘန်းလမွတ်‌ကျေးရွာ ကျောင်းကုန်းဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တောဗုံးကြီးတပ်ဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။

“ဒရုန်းနဲ့ ဒီဘက် ရဲဘော်တွေက ချလိုက်တာပါ။ စကစဒရုန်းတွေတော့ လာဝဲနေတယ်။ ချတော့ မချသေးဘူး။” 

အဆိုပါ တိုက်ခိုက်မှုနှစ်ကြိမ်စလုံးမှာ စစ်ကောင်စီဘက်က ထိခိုက်မှု ရှိမရှိကိုတော့ အတည်မပြုနိင်သေးဘဲ တိုက်ခိုက်ခံရပြီးနောက် သေနတ်နဲ့ ပြန်လည်ရမ်းသန်းပစ်ခတ်တာတွေတော့ ရှိခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း တပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ တက်လာတဲ့ စစ်ကောင်စီ ရိက္ခာကားတွေ ဘန်းလမွတ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး ကားတစီး ထိမှန်ကာ ရပ်တန့်သွားပြီး တခြားကားတွေနဲ့ လာရောက်သယ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ တနင်္သာရီမြို့နယ်ထဲမှာ ဇဝဲအခြေစိုက်တပ်ရင်းက တပ်သားအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး ကားလမ်းမတလျှောက်မှာ သွားလာလှုပ်ရှားနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013