Home
မြန်မာသတင်း
ငဖဲမြို့ ၄ လတာ တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိများအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိ၊ ၆၀ ကျော်သေဆုံး
DVB
·
April 22, 2025
Photo: PRA Magway
Photo: PRA Magway
Photo: PRA Magway
Photo: PRA Magway

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲ ၄ လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိကြီးတွေ အပါအဝင် ၁၈ ယောက် အရှင်ဖမ်းမိ၊ ၆၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဧပြီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) ရဲ့ ပြန်ကြားရေးတာဝန်ခံက “၄ လတာ ဆိုတာက အခုနှစ် ဇန်နဝါရီလထဲကနေ ဧပြီလထဲအထိပါ။ ၄ လတာတိုက်ပွဲပေါင်း ၂၃ ကြိမ် ဖော်ဆောင်နိုင်ခဲ့တယ်။ တိုက်ပွဲတွေအားလုံးနီးပါးဟာ ငဖဲမြို့နယ်ထဲက ပုသိမ်-မုံရွာ ကားလမ်းတလျှောက်မှာ ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ပွဲကာလ ၄ လတာအတွင်း စစ်ကောင်စီဘက်က စစ်တပ်အရာရှိတွေ ဖြစ်ကြတဲ့ ဗိုလ်ကြီးအောင်ငြိမ်းချမ်းနဲ့ ဗိုလ်ကြီးတင်ကိုထက် တို့အပါအဝင် စုစုပေါင်း ၁၈ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကာ ဗိုလ်မှူးသီဟအောင် အပါအဝင် ၆၃ ယောက် သေဆုံးခဲ့ပြီး တိုက်ပွဲတွေအတွင်းကနေ စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

PRA Magway ရဲ့ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန် က  “ပြီးခဲ့တဲ့တိုက်ပွဲတွေကို ကျနော်တို့ PRA Magway နဲ့အတူ တခြားမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ကျနော်တို့တွေဘက်ကလည်း ထိခိုက်ကျဆုံးတာ အနည်းအကျဥ်း ရှိခဲ့တယ်။ တိုက်ပွဲတွေ အရှိန်ကောင်းနေချိန်မှာ ငလျင်ပြဿနာကြောင့် တိုက်ပွဲတွေကို ခဏရပ်နားထားရတာတွေ ရှိတယ်။ အခုနောက်ပိုင်း စစ်နယ်ဝန်း ချဲ့ထွင်လှုပ်ရှားနိုင်ဖို့အတွက်လည်း မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်”လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် နေထိုင်စားသောက်ရေးကအစ ဖြည့်ဆည်း ဆောင်ရွက်ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒေသအသီးသီးမှာရှိကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အနိုင်အထက်ပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံတိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူတွေနဲ့အတူ ရှင်သန်ရပ်တည်ကြဖို့ PRA Magway က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013