Home
မြန်မာသတင်း
ငလျင်ကြောင့် အိုးဘိုထောင်တွင်း အကျဉ်းသားများသေဆုံးမှု စစ်ကောင်စီ သတင်းဖုံးထား
DVB
·
April 21, 2025

ငလျင်ကြောင့် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း အဆောက်အအုံတွေ ပြိုကျပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၃၀ ကျော် သေဆုံးခဲ့ရတဲ့ သတင်းကို စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဘက်က သတင်းမှောင်ချထားတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်က အိုဟောင်းနေတဲ့ အဆောက်အအုံတွေ ပြိုကျခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသူ အကျဉ်းသား ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၂၈၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နိုင်ကျဉ်းတွေကို ကူညီနေတဲ့အဖွဲ့တွေဆီက သိရပါတယ်။

ဒီသတင်းအချက်အလက်တွေကိုတော့ ငလျင်လှုပ်ခတ်ပြီး ၂၅ ရက် ကြာလာတဲ့တိုင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဘက်ကလည်း သတင်းဖုံးကွယ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ အဖွဲ့ ၇ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ သတင်းရရှိထားသလောက်ကတော့ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၀ ယောက်ကျော် အပါအဝင် စုစုပေါင်း အကျဉ်းသူ အကျဉ်းသား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မဇူးဇူးမေက DVB ကို ပြောပါတယ်။

“ငလျင်ဒဏ်ကြောင့်  အိုးဘိုအကျဉ်းထောင် အပါအဝင် တခြားသော အကျဉ်းထောင်တွေလည်း ထိထားတယ်ပေါ့။ ပြိုတာကတော့ အိုးဘိုက အများဆုံးဖြစ်တာပေါ့၊ သေကျေမှုတွေ ဖြစ်တာက လက်ရှိမှာ စာရင်းအတိအကျ မရနိုင်သေးဘူး။ ဒါက အကျဉ်းထောင်တွေထဲမှာ သတင်းအမှောင်ချထားတဲ့ အနေအထားနဲ့ ကြုံတွေ့နေရတယ်။ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေက ပြိုကျနေတဲ့ အဆောက်အအုံမှာကို ထောင်အကျဉ်းဦးစီး ဝန်ထမ်းတွေက ထားတာ ရှိတယ်လို့ ကျမတို့ ကြားသိရတယ်။ နိုင်ငံရေးအကျဉ်းသူတွေကတော့ ၁၀ ယောက်ကျော်လောက် ပါတယ်လို့ သိရတယ်။ စုစုပေါင်းဆို ၃၀ ကျော် ဝန်းကျင်လောက်ရှိတယ်၊ အဲဒီထက်လည်း ကျော်လွန်သွားနိုင်တဲ့ အနေအထားကရှိတယ်။ ထောင်ထဲမှာက သတင်းအမှောင်ချထားတဲ့အတွက် ဘယ်လိုမှ လိုက်လို့မရတဲ့ အနေအထားတွေနဲ့ ကြုံနေရတယ်။ အခုဆို တင်းကျပ်မှုတွေကို အကျဉ်းဦးစီးတွေဘက်က လုပ်နေတာကို ကျမတို့ ကြားသိရတယ်။”

လက်ရှိအချိန်ထိကိုပဲ သတင်းတွေ ဖုံးကွယ်ထားသလို သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့ကိုလည်း အကြောင်းကြားလာတာ မရှိတဲ့အတွက် တိတိကျကျ သတင်းထုတ်ပြန်စေလိုတယ်လို့ အဖွဲ့တွေက ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ခံစားရတဲ့ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ခံရမယ်လို့ ခြိမ်းခြောက် ပြောဆိုတာနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေအတွက် လုံလောက်တဲ့ ဆေးဝါးကုသပေးမှုတွေလည်း မရှိကြောင်း သိရပါတယ်။

ဒီအတွက်ကြောင့် နိုင်ငံတကာကအဖွဲ့အစည်းတွေအနေနဲ့ အိုးဘိုထောင်တွင်း ဝင်ရောက်နိုင်ဖို့ ကြိုးစားသင့်ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားအများအဖွဲ့ (KPPA) ကလည်း ပြောပါတယ်။

“ပြိုကျတော့မယ့် အဆောက်အအုံတွေကို သေချာပြုပြင်ပြီး လုံခြုံစိတ်ချမှ အကျဉ်းသူ အကျဉ်းသားတွေကို ပြန်ပြီး နေစေရမှာဖြစ်တယ်။ အခုက သူတို့က သူတို့ကိစ္စသူတို့ မလုပ်ဘူး ဖြစ်နေတယ်။ နောက် နိုင်ငံတော်အာဏာကို အတင်းအဓမ္မယူနေတဲ့ စစ်ကောင်စီအနေနဲ့ လုပ်ရမယ့်ကိစ္စဖြစ်တဲ့ အကျဉ်းထောင်လုံခြုံရေးကိစ္စကို သူတို့ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ အခု ဗမာ့တပ်မတော်အနေနဲ့ ဒီကိစ္စတွေကို မဆောင်ရွက်နိုင်ဘူးဆိုရင် သူတို့ကိုယ်တိုင် အစိုးရမဖြစ်သင့်ကြောင်း၊ အစိုးရဖြစ်ဖို့ အရည်အချင်းမရှိကြောင်း ဖော်ပြနေတယ်ဆိုတာ ကျနော် ထောက်ပြချင်တယ်။”

နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း အိုးဘိုးအကျဉ်းထောင်ကိစ္စကို အာရုံစိုက်ဖို့နဲ့ အကျဉ်းသူ အကျဉ်းသားတွေရဲ့ အသက်လုံခြုံရေးအတွက် အာမခံပေးဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပြောပါတယ်။

DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရကတော့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူ  ၄,၄၁၀ ထိ ရှိလာပြီဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013